ဂျကာတာ၊ ဒီဇင်ဘာ ၁၄
အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ ခိုင်မာအားကောင်းလာမှုကို ဆန့်ကျင်တွန်းလှန်ရန်အတွက် အမေရိကန်အနေဖြင့် အာရှရှိ မိတ်ဖက်နိုင်ငံများနှင့်လက်တွဲ၍ စစ်ရေးနှင့်စီးပွား ရေးဆိုင်ရာ ဆက်ဆံရေးကို အရှိန်အဟုန်ဖြင့် တိုးမြှင့်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဒီဇင်ဘာ ၁၄ ရက် (ယနေ့) ကတိပြုပြောကြားခဲ့သည်ဟု အေပီသတင်း မှ ဖော်ပြထားသည်။
ဘိုင်ဒန်အစိုးရက အဆိုပါဒေသတွင်း ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေး ထိန်းသိမ်းရန် ကတိပြုခဲ့ပြီး အမေရိကန်၏ မဟာမိတ် များ၊ မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးအသစ်များ ဖန်တီးမြှင့်တင်လျက် မိမိတို့စစ်ရေး ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက် သေချာစေမည်ဖြစ်ကြောင်း ဘလင်ကင်က ပြောကြားခဲ့သည်။
“ခြိမ်းခြောက်မှုတွေက တိုးလာပါတယ်။ ကျနော်တို့ရဲ့ လုံခြုံရေးချဉ်းကပ်မှုကလည်း သူတို့တိုးလာသလို တိုးနေရမှာပဲ။ အဲဒီ အတွက် ကျနော်တို့ရဲ့ ကြီးမားတဲ့ ခွန်အားဖြစ်တဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို မှီခိုအားထားရမှာ ဖြစ်ပါ တယ်” ဟု ဘလင်ကင်က အင်ဒိုနီးရှားတွင် ကျင်းပသည့် အင်ဒို-ပစိဖိတ် အစီအစဉ်များ မူကြမ်းဆွေးနွေးပွဲ၌ ပြောကြားခဲ့ သည်။
“ကျနော်တို့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ သံခင်းတမန်ခင်း၊ စစ်ရေး၊ ထောက်လှမ်းရေး စတဲ့ ကျနော်တို့ စွမ်းအားတွေကို ပိုပြီး နီးနီးကပ်ကပ် ပေါင်းစပ်မယ့် မဟာဗျူဟာတစ်ရပ်ကို ချမှတ်သွားဖို့ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပုံ-အမေရိကန်နဲ့ အင်ဒို နိုင်ငံခြားရေး၀န်ကြီးများကိုတွေ့ရစဉ်။(AP)
အဆိုပါ မဟာဗျူဟာတွင် အမေရိကန်နှင့်အာရှ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းချင်း ချိတ်ဆက်ခြင်း၊ ထောက်ပံ့ ပို့ဆောင် ရေး ကွင်းဆက်များ ပေါင်းစပ်ခြင်းနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုတွင် ပူးပေါင်းခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ဘလင်ကင် က ရှင်းပြခဲ့သည်။
“ဒီဒေသတွင်းမှာ ဆယ်စုနှစ်များစွာ ကျနော်တို့လုပ်ခဲ့တဲ့အတိုင်း ငြိမ်းချမ်းရေး ထိန်းသိမ်းနိုင်ဖို့ ကျနော်တို့အင်အားတွေကို ဖြည့်တင်းဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အသေးစိတ်ကိုမူ ဘလင်ကင်က ထည့်သွင်းပြောကြားခြင်းမရှိသော်လည်း ဩစတြေးလျအနေဖြင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ ထုတ်လုပ်မည့် သဘောတူညီချက်ကို ယခုနှစ်အစောပိုင်းတွင် အမေရိကန်မှ လက်ခံခဲ့ခြင်းကြောင့် ဂယက် ထ သွားခဲ့သည်။
အမေရိကန်နှင့် တရုတ်တို့အကြား ရွေးချယ်စရာ (သို့မဟုတ်) ပဋိပက္ခဖြစ်ပွားစရာအနေဖြင့် အာရှနိုင်ငံများကို အတင်းအကျပ် ဖိအားပေး ကြိုးပမ်းနေခြင်း မဟုတ်ကြောင်းလည်း ဘလင်ကင်က အခိုင်အမာ ပြောကြားခဲ့သည်။
သို့သော် ဘေဂျင်း၏ ရန်လိုသော လုပ်ရပ်များနှင့်ပတ်သက်၍ အာရှအရှေ့မြောက်ပိုင်းမှ အရှေ့တောင်၊ မဲခေါင်မြစ်မှ ပစိဖိတ် ကျွန်းစုများအထိ အမေရိကန်၏ မကျေနပ်ချက်များစွာကိုလည်း ဘလင်ကင်က ချပြသွားခဲ့သည်။
ဘလင်ကင်၏ ရက်သတ္တတစ်ပတ်ကြာ အရှေ့တောင်အာရှ ၃ နိုင်ငံ ခရီးစဉ်အတွင်း အစောပိုင်း၌ အင်ဒိုနီးရှားသို့ ရောက်ရှိခဲ့ သည်။ ယင်းနောက် မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကို ဆက်လက် သွားရောက်မည်ဖြစ်သည်။
အဆိုပါ ဒေသတွင်း၌ တောင်တရုတ်ပင်လယ်၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့အပေါ် တရုတ်၏ ကြီးထွားလာနေသော ရန်လိုမှု ကို တန်ပြန်လိုခြင်းမှာ ဘလင်ကင် ချပြသည့် အစီ အစဉ်များထဲတွင် သိသာထင်ရှားစွာ တွေ့ရသည်။
“တောင်တရုတ်ပင်လယ်မှာ ရေကြောင်းသွားလာရေး လွတ်လွတ်လပ်လပ် အာမခံချက်ရှိဖို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့်လည်း ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရှိဖို့ ကျနော်တို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။
Source: AP