အော့တဝါ၊ ဒီဇင်ဘာ ၁၄
စစ်တပ်အတွင်း ပျံ့နှံ့နေသော လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ရပ်တန့်ရန် အစိုးရ၏ပျက်ကွက်မှုကြောင့် ကနေဒါ ကာကွယ်ရေးထိပ်တန်းအရာရှိများက တောင်းပန်စကား ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ် တွင် တွေ့ရသည်။
အသစ်ခန့်အပ်ခံရသော ကာကွယ်ရေးဝန်ကြီး အနီတာအာနန် (Anita Anand) က ဒီဇင်ဘာ ၁၃ ရက်တွင် ယင်းကဲ့သို့တောင်းပန်ခဲ့ခြင်းဖြစ်ပြီး တပ်ယူနီဖောင်းဝတ်ဆင်ထားသူများအကြား လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ခွဲခြားဆက်ဆံမှု (သို့မဟုတ်) လိင်ကိစ္စအလို့ငှာ ဦးတည်မှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကျမတို့နိုင်ငံမှာ ကာကွယ်ရေးတာဝန်ယူထားတဲ့အဖွဲ့အစည်းထဲမှာ ပါဝင်ထမ်းဆောင်သူတွေအပေါ် အမြဲတမ်း အဟန့်အတားလုပ်ပေးနိုင်တာမရှိတဲ့အတွက် နာကျင်မှုတွေနဲ့ စိတ်ဒဏ်ရာတွေဖြစ်ခဲ့တာတွေကို ကျမတို့ အသိ အမှတ်ပြုရမှာဖြစ်ပါတယ်” ဟု အနီတာအာနန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“နစ်နာခဲ့သူတွေကို ကနေဒါအစိုးရကိုယ်စား တောင်းပန်ပါတယ်။ ဒီအကျင့်ပျက်မှုနဲ့ အာဏာအလွဲသုံးစား လုပ်တာ တွေဟာ ကာကွယ်ရေးအဖွဲ့အစည်းအပေါ် ယုံကြည်မှုပျက်ပြားတဲ့ အကျပ်အတည်းဖြစ်ပေါ်စေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
စစ်မှုထမ်းနှင့်အငြိမ်းစား ၁၉,၀၀၀ နီးပါးနှင့် အရပ်ဘက်ကာကွယ်ရေးဝန်ထမ်းအပါအဝင် လူတန်းစားပေါင်းစုံမှ အစိုးရအပေါ် တရားစွဲဆိုမှု ကြေအေးစေရေး တစိတ်တပိုင်းအဖြစ် အဆိုပါတောင်းပန်မှု ပေါ်ထွက်လာခြင်း ဖြစ်သည်။
ကနေဒါကာကွယ်ရေးဦးစီးချုပ်ဟောင်း ဂျွန်နသန်ဗန့်စ် အပါအဝင် စစ်ဘက်အကြီးတန်းအရာရှိအများအပြားသည် လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်မှုအတွက် စုံစမ်းစစ်ဆေးမှုနှင့် ရင် ဆိုင်ခဲ့ရပြီးနောက် တရားမျှတမှုကို အနှောင့်အယှက် ဖြစ်စေခြင်းအတွက် စွဲချက်အတင်ခံခဲ့ရသည်။
အမျိုးသမီးဦးစားပေးဝါဒီဟုဆိုသည့် ဝန်ကြီးချုပ် ဂျက်စတင်ထရီဒူး၏ လစ်ဘရယ်အစိုးရသည် ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့သော အစီရင်ခံစာတွင် အလေးပေးဖော်ပြခဲ့သည့် ပြဿ နာများကို ဖြေရှင်းရန် လုံလောက်စွာအားထုတ်မှု မရှိခဲ့ကြောင်း အမျိုးသမီးတပ်ဖွဲ့ဝင်များက စောဒကတက်ခဲ့ကြသည်။
ကနေဒါအစိုးရသည် နိုင်ငံတကာရာဇဝတ်မှုခုံရုံး၏ ရှေ့နေဟောင်း လူဝစ်အာဘွာကို တပ်တွင်း မကောင်းသော အလေ့အထများ ကင်းစင်ရေးအတွက် အထောက်အကူပြုရန် တာဝန်ပေးအပ်ခဲ့သည်။
စစ်ဘက်တရားစီရင်ရေးစနစ်အပေါ် ဆိုးရွားစွာ အယုံအကြည်မရှိခြင်းကြောင့် တပ်တွင်း လိင်ပိုင်းဆိုင်ရာ အကျင့် ပျက်ခြစားမှုများနှင့် တရားစွဲဆိုမှုများကို အရပ်ဘက်အာဏာပိုင်များထံ လွှဲပြောင်းပေးရန် ရှေ့နေ အာဘွာ၏ အကြံပြုချက်ကို ပြီးခဲ့သည့်လတွင် အာနန်က လက်ခံခဲ့သည်။
၂၀၁၅ ခုနှစ်မှစတင်၍ တပ်တွင်း လိင်စော်ကားမှု ၅၈၁ မှုနှင့် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ၂၂၁ မှု တိုင်ကြား ခဲ့ကြောင်း ယခုနှစ် ဧပြီလ၌ စစ်တပ်က လွှတ်တော်သို့ တင်ပြခဲ့သည်။
Source: Aljazeera