၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈
ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်သည့် အလုပ်သမားများ ယခု ဒီဇင်ဘာလတွင် လျော့ကျသွားသည်ဟု အလုပ်သမား အခွင့်အရေးစောင့်ရှောက်ရေးအဖွဲ့ ဦးမျိုးချစ် ထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကုန်အထိ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ ကို လူသစ်မှတ်ပုံတင်ခွင့်ပြုထားသည့်အတွက် ဒီဇင်ဘာလမှစတင်ကာ အထောက်အထားမဲ့ ဝင်ရောက်လာသူ များအား တွေ့ရှိပါက ထိရောက်စွာအရေးယူမှုကို ထိုင်းအစိုးရက လုပ်ဆောင်လျက်ရှိသည်။
“ဒီ နောက်ပိုင်း ဒီဇင်ဘာလထဲမှာကျတော့ ခိုးဝင်တဲ့သူတွေ ဘာအထောက်အထားမှလည်း လုပ်ခွင့်မရှိတော့ဘူး ပေါ့။ အဲတော့ ခိုးဝင်တွေက ဒီ အထဲရောက်ရင် အထောက်အထားတွေ လုပ်မရတဲ့အခါကြတော့ နည်းကျလာ တယ်။ အခုချိန်မှာ ခိုးဝင်တဲ့သူတွေက တချို့ပွဲစားတွေက ဒီရောက်ရင် ငါ လုပ်ပေးလို့ရပါတယ်။ ဒီ ရောက်ရင် ငါလုပ်ပေးလို့ ရပါတယ်ဆိုတဲ့ ဆွဲဆောင်မှုဆိုတော့ နည်းနည်းရှိနေသေးတယ်။ ဒီလထဲမှာတော့ လျော့ကျလာ တယ်။ အဲလူတွေလည်း ဒီရောက်ရင် ဘာ အထောက်အထားမှ လုပ်မရသလို ဒီရောက်ရင်လည်း အလုပ်လက်မဲ့ အခက်အခဲဖမ်းဆီးခံရနိုင်တာပေါ့ဗျာ” ဟု ဦးမျိုးချစ်က CNI သတင်းဌာန သို့ပြောသည်။
ယခုလမှစတင်ကာ အထောက်အထားမဲ့ အလုပ်သမားများအား အပြစ်ပေးအရေးယူမည့် ဥပဒေမှာ ယခင်ကတည်း က ပြဌာန်းထားသည့်အတိုင်း လုပ်ငန်းခွင်မှာတွေ့ရှိပါက ပြစ်ဒဏ်တစ်မျိုး၊ အပြင်မှာတွေ့ရှိပါက ပြစ်ဒဏ် တစ်မျိုး ဖြစ်ကြောင်း၊ အလုပ်ရှင်အနေဖြင့်လည်း အထောက်ထားမဲ့အလုပ်သမားများကို အလုပ်ခန့်ထားပါက ဒဏ်ငွေ ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်သမား သိန်းချီလိုအပ်ချက်ရှိသည့်အတွက်ကြောင့် လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် နှစ်ဖက်နားလည်မှု စာချွန်လွှာ(MOU) ဖြင့် တရားဝင်လမ်းကြောင်းမှ အလုပ်သမားခေါ်ယူမှုကို စတင်မည်ဖြစ်ပြီး မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ အလုပ်သမားများကို ခေါ်ယူသွားမည်ဖြစ်သည်။
ယင်း MOU ဖြင့် သွားမည်ဆိုပါက အေဂျင်စီများမှတဆင့် လုပ်ဆောင်ရမှာဖြစ်ပြီး ၎င်းအတွက် အလုပ်ရှုပ်မခံလို သူများက ပွဲစားများကို ဆက်သွယ်ဆောင်ရွက်လာကြကာ ၎င်းတို့မှတဆင့် လူတစ်ဦးလျှင် မည်မျှဆိုသည့် စျေး သတ်မှတ်ချက်ဖြင့် ပြုလုပ်နေကြသည်ဟု ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက CNI သို့ ပြောသည်။
“ပွဲစားခကလေ ကျနော်တို့ ထိုင်းမှာ နေလာခဲ့တာလည်း ကြာပီဗျာ။ ဒီလောက်များများ တစ်ခါမှ မကြားဖူးဘူး။ အများဆုံးက ၃၀၀၀၀ အထိတောင်ရှိတယ်ဗျ။ အနည်းဆုံးဆို ဘယ်လောက်ကနေသွားလဲဆိုတော့ ၁၅၀၀၀ က အနည်းဆုံးပဲ။ ဒီ ဈေးနှုန်းဆိုတာ အရင်က ရှိမှမရှိခဲ့တာ။ အခုဟာက အကြောင်းအမျိုးမျိုးကြောင့် ထွက်လာမယ့် လူက သိပ်ကို များနေတဲ့အခါကြတော့ ပွဲစားတွေနဲ့ လာဘ်စားတဲ့ အစိုးရဝန်ထမ်းတွေက သူတို့အတွက်က တကယ့် ပွဲတော်ကြီးလို ဖြစ်နေတယ်။ ပွဲစားခတွေက ဈေးကြီးနေတာပေါ့နော်။ ဒါပေမယ့် လာတဲ့သူတွေကလည်း လာကြ တာပဲ” ဟု သူ က ပြောသည်။
ထိုင်းအစိုးရမှ MOU စနစ်ဖြင့် အလုပ်သမားခေါ်ယူရာတွင် မြန်မာနိုင်ငံမှ အလုပ်သမား ၂ သိန်းကျော်ကို ခေါ်ယူမည် ဖြစ်ပြီး လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေသည် စုစုပေါင်း ၃ သန်းကျော်ရှိကြောင်း သိရ သည်။