ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၈

တိုင်းပြည်ဘဏ္ဍာငွေ 1MDB မှ ဒေါ်လာဘီလီယံပေါင်းများစွာ အရှုပ်တော်ပုံနှင့်ပတ်သက်၍ ပထမအမှုအတွက် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ အကျင့်ပျက်ခြစားမှုစွပ်စွဲချက်အပေါ် မလေးရှားအယူခံတရားရုံးတစ်ရုံးက ဒီဇင်ဘာ ၇ ရက်တွင် အဆိုပါစီရင်ချက်ကို သဘောတူလက်ခံလိုက်ကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ် တွင် တွေ့ရသည်။

၂၀၁၈ ခုနှစ် မလေးရှားရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ဝန်ကြီးချုပ်သက်တမ်းကုန်ခဲ့သူ နာဂျစ်သည် ခန့်မှန်းခြေ ရင်းဂစ် ၄၂ သန်း (ဒေါ်လာ ၉ ဒသမ ၈၈ သန်း)ကို SRC နိုင်ငံတကာငွေကြေးအဖွဲ့အစည်းမှ ၎င်း၏ကိုယ်ပိုင် ဘဏ် စာရင်းထဲသို့ 1MDB ၏တစိတ်တပိုင်းအဖြစ် လွှဲပြောင်းခဲ့မှုအပေါ် အပြစ်ရှိကြောင်း တွေ့ရ၍ ထောင်ဒဏ် ၁၂ နှစ် အထိ ယမန်နှစ် ဇူလိုင်လတွင် ချမှတ်ခဲ့သည်။

အယူခံတရားရုံးက အထက်တရားရုံး၏ စီရင်ချက်ကို သဘောတူလက်ခံကြောင်း ယခုထုတ်ဖော်ကြေညာခြင်း  ဖြစ်သည်။

“ကျနော်တို့အနေနဲ့ သူ့အမှုရဲ့အယူခံအဆိုကို ပယ်ချပြီး စီရင်ချက်အားလုံးအပေါ် ပြစ်ဒဏ်ကို အတည်ပြုလိုက် ပါတယ်” ဟု အယူခံတင်သွင်းမှုကို လက်ခံစဉ်းစားသော တရားသူကြီး ၃ ဦး၏ တညီတညွတ်တည်း ဆုံးဖြတ်ချက် ကို တရားသူကြီး အဗ္ဗဒူကရိမ်အဗ္ဗဒူဂျာလဲက ပူထရာဂျာယားအုပ်ချုပ်ရေးမြို့တော်တွင် ကြေညာခဲ့သည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သည့် နာဂျစ်၏ ဆိုင်းငံ့အယူခံဝင်မှုအတွက် အာမခံခွင့်ပြုထားပြီး မလေးရှား၏ အမြင့်ဆုံး တရားရုံးဖြစ်သည့် ဖက်ဒရယ်တရားရုံးသို့ အယူခံဝင်စဉ် ၎င်းအနေဖြင့် လွတ်မြောက်သင့်ကြောင်း အဆိုပါတရားရုံး က သဘောတူခဲ့သည်။

 

SRC အမှုတွင် စွဲချက် ၇ ခုတင်ခဲ့ရာ အာဏာအလွဲသုံးစားမှုစွပ်စွဲချက်များ၊ ငွေကြေးခဝါချမှုများနှင့် ယုံကြည် စိတ်ချခြင်းအပေါ် ဖောက်ဖျက်သည့်ရာဇဝတ်မှုတို့ ပါဝင်ခဲ့သည်။

နာဂျစ်နှင့် ၎င်း၏အကြံပေး မူဟာမက်ရှဖီးတို့သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၎င်းတို့နေအိမ်များမှ ဗီဒီယိုခေါ်ဆိုမှု များဖြင့် စီရင်ချက်ကို သိရှိနားဆင်ခဲ့ကြသည်။ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် တရားသူကြီး အဗ္ဗဒူကရမ် အဗ္ဗဒူဂျာလဲက ခုံရုံးတွေ့ရှိချက်များကို ဖတ်ကြားစဉ် ဝန်ကြီးချုပ်ဟောင်း နာဂျစ်သည် စိတ်လှုပ်ရှားမှုအနည်းသာ ပြသခဲ့သည်။

နာဂျစ်သည် နိုင်ငံ့အကျိုးစီးပွားကို ဆောင်ရွက်ရင်း ကျူးလွန်ခဲ့ကြောင်း အယူခံဝင်စဉ် ခုခံချေပခွင့်ကို ရည်ညွှန်း လျက် တရားသူကြီးက စီရင်ချက်ကို ဖတ်ပြခဲ့သည်။

နာဂျစ်၏ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ ငွေသားစီးဆင်းမှုကို သတိပြုကြောင်း ရုံးတော်တွင် တရားသူကြီး အဗ္ဗဒူလာ ကရမ်က ပြောကြားရာ၌ “ဒါဟာ နိုင်ငံ့အကျိုးစီးပွားအတွက် လုပ် ဆောင်ခဲ့တာလို့ ပြောလို့မရပါဘူး။ ဒီမှာ အမျိုးသားအကျိုးစီးပွားဆိုလို့ မတွေ့ရဘူး။ အမျိုးသားရေး အရှက်ရစေရုံသာဖြစ်တယ်” ဟု ထည့်သွင်း ပြောကြား ခဲ့သည်။

1MDB အရှုပ်တော်ပုံကြောင့် ၎င်း၏အစိုးရဖြုတ်ချခံရပြီးကတည်းက ဝန်ကြီးချုပ် ၃ ဦးအထိ အပြောင်းအလဲ ရှိခဲ့စဉ် အတွင်း နာဂျစ်သည် ပြည်တွင်းသို့ ပြန်ဝင်ရန် ကြိုးပမ်းသည့်အချိန်၌ ယခုကဲ့သို့ တရားရုံ၏ စီရင်ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် မဲရှုံးပြီးနောက် တဖန်အာဏာပြန်ရလာခဲ့သည့် လက်ရှိအာဏာရ မလေးရှားအမျိုးသားပေါင်းစည်းအဖွဲ့ (UMNO) တွင် နာဂျစ်က ရေပန်းစားနေဆဲဖြစ်သည်။

Source: Aljazeera