ကန်ဘရာ၊ ဒီဇင်ဘာ ၈

ဘေဂျင်းအိုလံပစ်ကို အမေရိကန်သံတမန်ရေးအရ သပိတ်မှောက်ရာတွင် ဩစတြေးလျလည်း ပါဝင်လာကာ အဆိုပါပြိုင်ပွဲများသို့ မိမိတို့တာဝန်ရှိသူများ စေလွှတ်မည်မဟုတ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင်က ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသား ဖော်ပြသည်။

ယင်းသို့ အိုလံပစ်သပိတ်မှောက်ခြင်းကြောင့် တရုတ်နှင့်ဆက်ဆံရေး ပိုမိုဆိုးဝါးလာမည့်အန္တရာယ်ကိုလည်း ရင်ဆိုင်နေရကြောင်း သိရသည်။

တရုတ်၏လူ့အခွင့်အရေးဆိုင်ရာ ရက်စက်ကြမ်းကြုတ်မှုများကို ကိုးကားလျက် အမေရိကန်က ၎င်း၏ သပိတ် မှောက်မည့်ကိစ္စကို ဒီဇင်ဘာ ၆ ရက်တွင် ကြေညာခဲ့သဖြင့် တရုတ်ကလည်း တုံ့ပြန်မှုများ ပြတ်ပြတ်သားသား ပြုလုပ်သွားမည့်အကြောင်း ဒေါသတကြီးဖြင့် ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းသို့ ခြိမ်းခြောက်မှုများရှိသော်လည်း ကန်ဘရာအနေဖြင့် သံတမန်ရေးအရ သပိတ်မှောက်မှုတွင် ပါဝင်မည် ဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် မော်ရစ်ဆင်က ပြောကြားခဲ့သည်။

“ဒါကြောင့် ဩစတြေးလျအစိုးရအရာရှိတွေဟာ အဲဒီအားကစားပွဲတက်ဖို့ တရုတ်နိုင်ငံကို သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဩစတြေးလျ အားကစားမောင်မယ်တွေကတော့ သွားကြမှာပါ” ဟု မော်ရစ်ဆင်က ဆစ်ဒနီမြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ကန်ဘရာအနေဖြင့် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုဆိုင်ရာဥပဒေကို မိတ်ဆက်ပြီးနောက် ၎င်း၏အကြီးဆုံး ကုန် သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံနှင့် ဩစတြေးလျတို့ ဆက်ဆံရေးယိုယွင်းလာခဲ့သည့်အတောအတွင်းမှာပင် ဟွာဝေးနည်းပညာကုမ္ပဏီအား 5G Broadband ကွန်ရက်ကို တားမြစ်ခြင်း၊ Covid-19 ၏မူလဇစ်မြစ်ကို လွတ်လပ် စွာ စုံစမ်းစစ်ဆေးရေး တောင်းဆိုခြင်းတို့ကိုလည်း ကန်ဘရာအစိုးရက လုပ်ဆောင်ခဲ့သည်။

Photo-CFP

ထို့ပြင် အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျတို့ပါဝင်သည့် သုံးပွင့်ဆိုင်ရာ လုံခြုံရေးသဘောတူညီချက် AUKUS အရ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဝယ်ယူရန် မကြာသေးမီက ဆုံးဖြတ်ခဲ့ခြင်းကြောင့် တရုတ်နှင့် တင်းမာမှု ပိုဆိုးလာစေခဲ့သည်။

တရုတ်အနောက်ပိုင်း ရှင်ကျန်းဒေသရှိ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များဖြင့် အိုလံပစ်သပိတ်မှောက်မည့် အကြောင်းနှင့် ယခုဆုံးဖြတ်ချက်အတွက် သော့ချက်အနေဖြင့် ဩစတြေးလျအစိုးရဘက်နှင့် တွေ့ဆုံရန် ဘေဂျင်း ဆန္ဒမရှိသည့်အကြောင်းတို့ကို မောရစ်ဆင်က ဆက်လက်ပြောကြားခဲ့သည်။

“ကျနော်တို့ဘက်က အတားအဆီးမရှိပေမယ့် တရုတ်အစိုးရအနေနဲ့ ဒီပြဿနာတွေနဲ့ပတ်သက်လို့ တွေ့ဆုံဖို့ အခွင့်အလမ်းကို လက်မခံခဲ့ပါဘူး” ဟု မော်ရစ်ဆင်က ပြောကြားခဲ့သည်။

ဘေဂျင်းသည် ကျောက်မီးသွေး၊ အမဲသား၊ မုယောစပါးနှင့် ဝိုင်အပါအဝင် ဩစတြေးလျကုန်စည်အများအပြားကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားသည်။

ထို့ကြောင့် မော်ရစ်ဆင်က နောက်ထပ်ကုန်သွယ်မှုအဟန့်အတားမှန်သမျှကို လုံးဝလက်ခံနိုင်မည်မဟုတ်ကြောင်း အတိအလင်းပြောကြားခဲ့သည်။

ဆောင်းရာသီအိုလံပစ်ပွဲတော်ကို လာမည့်နှစ် ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ်ပြီး ယခုသံတမန်အရေးအရ သပိတ်မှောက်မှုသည် အိုလံပစ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် ဩစတြေးလျ အားကစား သမား အယောက် ၄၀ အပေါ် သက်ရောက်မှုမရှိကြောင်း ၎င်းအိုလံပစ်ကော်မတီက ပြောကြားခဲ့သည်။

Soure: Aljazeera