CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇

ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်ခြင်း လက်ခံနိုင်ဖွယ်မရှိဘူးဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ဦးဆောင်မှုအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၇ ရက်)တွင် PPST အစည်းအဝေး(၂၂/၂၀၂၁) နဂိုးချုပ်မိန့်ခွန်း၌ နိုင်အောင်မင်းက အထက်ပါ အတိုင်း ထည့်သွင်း ပြောလိုက်ခြင်းဖြစ်သည်။

၎င်းက “နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ် ချမှတ် ခြင်းနှင့် ပတ်သက်၍လည်း လက်ခံနိုင်ဖွယ်မရှိပါ။ ထိုကဲ့သို့ စစ်ကောင်စီ၏ ဆောင်ရွက်ချက်များကြောင့် နိုင်ငံရေး ပြဿနာ များကို အဖြေရှာနိုင်ရေးအတွက် ပိုမိုအလှမ်းဝေးစေတယ်လို့ယူဆပါတယ်”ဟု ပြောသည်။

ထို့နောက် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကသာ အသင့်တော်ဆုံးအဖြစ် PPST က ယုံကြည်ပြီး သက်ဆိုင်ရာနိုင်ငံရေး အစုအဖွဲ့များ၊ နိုင်ငံတကာတို့နှင့် ဆွေးနွေးပြီး နည်းလမ်းရှာ ကြိုးပမ်းသွားမည် ဟု ဦးဆောင်မှုအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် စွဲဆိုထားသည့် အမှုအတွက် ထောင် ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၀၅(ခ)နှင့် စွဲဆိုခံထားရသည့်အမှုအတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံစေရန် နေပြည်တော်အထူးတရားရုံးက ဒီဇင်ဘာ ၆ ရက်တွင် အမိန့်ချခဲ့သည်။

ပုံ- နိုင်အောင်မင်းကို တွေ့ရစဉ်။(NCA-S EAO)

အလားတူ ဦးဝင်းမြင့်ကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် စွဲဆိုထားသည့် အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၀၅(ခ)နှင့် စွဲဆိုခံထားရသည့်အမှုအတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံ စေရန် နေပြည်တော်အထူးတရားရုံးက ဒီဇင်ဘာ ၆ ရက်တွင် အမိန့်ချခဲ့သည်။

အဆိုပါ အမိန့်ချပြီးနောက် ညပိုင်းတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂ နှစ်စီ ပြစ်ဒဏ်လျှော့ပေါ့ပေး ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်အောင်မင်းက “အရပ်သားများ အကာအကွယ်ပေးမှုကို ရှေးရှုပြီး ကြည့်မြင်တိုင်တွင် ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြ မှုကို စစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့် ကွက် ရှုတ်ချပါတယ်”ဟု ဆိုသည်။

ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်ထိ နှစ်ရက်တာ ကျင်းပခဲ့သည့် PPST အစည်းအဝေးတွင် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း ဖြစ်ပွားခဲ့ သော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် အခြား ကဏ္ဍများ၏ အတက်အကျ ဖြစ်ထွန်းမှုများကို ဆွေးနွေးသုံးသပ်နိုင်ခဲ့ကြောင်း၊ ယခုအစည်းအဝေးမှာ PPST ၏ နိုင်ငံရေး ရည်မှန်းချက် (၇)ရပ်ကို ထိ ရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များကို သုံးသပ်ဆွေးနွေးပြီး PPST အနေဖြင့် လုပ်ဆောင်သင့်သည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ် နိုင်ခဲ့ပါကြောင်း နိုင်အောင်မင်းက နိဂုံးချုပ် မိန့်ခွန်းမှာ ထည့် သွင်း ပြောထားသည်။

ထို့နောက် ယခုနှစ်မကုန်ခင် ဒီဇင်ဘာ တတိယပတ်လောက်မှာ NCA-S EAO ၏ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း) ကျင်းပ ခြင်းကို ပြီးခဲ့သည့် အစည်းအဝေးမှာ သတ်မှတ်လျထားပြီးဖြစ်သော်လည်း ကြိုတင်ပြင်ဆင် ရန် အချိန်လိုအပ်သည့်အတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပရန် ရွှေ့ဆိုင်းလိုက်သည်ဟုလည်း ၎င်းက ဆိုထားသည်။

PPST ကို NCA ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ၊မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ ပါဝင်ကြသည်။