CNI International News
ဒီမာပူရ်၊ ဒီဇင်ဘာ ၇
အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်တွင် အရပ်သားများ ပစ်သတ်ခံရပြီးနောက် နာရီပိုင်းအကြာမှာပင် ၁၉၅၈ ခုနှစ် တပ်မတော် အထူးအခွင့်အာဏာများအက်ဥပဒေ (AFSPA) ရုတ်သိမ်းပေးရေး တောင်းဆိုသံများ ကျယ်လောင်လာခဲ့သည်။
အလားတူ တောင်းဆိုမှုများ တိုးပွားလာသည့်အပေါ် ထောက်ခံရန် ကြိုးပမ်းမှုအဖြစ် နာဂလန်းပြည်နယ် ဝန်ကြီးချုပ် နီဖီယူ ရီယို (Neiphiu Rio)က ထိုအက်ဥပဒေသည် ပြင်းထန်လွန်းကြောင်း ရည်ညွှန်းကိုးကားလျက် ရုပ်သိမ်းပေးရန် ဒီဇင်ဘာ ၆ ရက်တွင် တောင်းဆိုခဲ့ကြောင်း northeasttoday.in ဝက်ဘ်ဆိုက်က သတင်းဖော်ပြသည်။
နာဂလန်းပြည်နယ်၊ မွန်းခရိုင်တွင် ဒီဇင်ဘာ ၄ ရက်က အိန္ဒိယစစ်တပ်၏ အဆက်မပြတ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ရွာသားများ၏ ဈာပနအခမ်းအနားသို့ တက်ရောက်စဉ် ပြည်နယ်ဝန်ကြီးချုပ် ရီယိုက အထက်ပါအတိုင်း အက်ဥပဒေဖယ်ရှား ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဆူပူသောင်းကျန်းမှု နှိမ်နင်းရေးအတွက် ထိုအက်ဥပဒေ ပြဋ္ဌာန်းထားသော်လည်း ယခုအချိန်တွင် အဘယ်ကြောင့် မဖယ်ရှား ရသနည်းဟု ဝန်ကြီးချုပ်က မေးခွန်းထုတ်ခဲ့သည်။
၎င်း၏ တွစ်တာလူမှုကွန်ရက်ပေါ်တွင်လည်း ဝန်ကြီးချုပ်ရီယိုက “နာဂလန်းပြည်နယ်နှင့် နာဂလူမျိုးများသည် AFSPA အက်ဥပဒေကို အမြဲကန့်ကွက်ခဲ့ကြသည်။ ထိုဥပဒေကို ဖျက်သိမ်းသင့်သည်” ဟု ရေးသားလွှင့်တင်ခဲ့သည်။
ပုံ- AFSPA လို့ခေါ်သည့် အက်ဉပဒေကို ဖျက်သိမ်းရန်တောင်းဆိုနေကြစဉ်။(NSUN)
အိန္ဒိယဗဟိုအစိုးရအနေဖြင့် သေဆုံးသူများ၏ ကျန်ရစ်သည့် မိသားစုများအတွက် တစ်ဦးလျှင် ရူပီး ၁၁ သိန်းပေးအပ်ပြီး အစိုးရ အလုပ်အကိုင် ဖန်တီးပေးသွားမည်ဟု ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါမိသားစုများအတွက် ပြည်နယ်အစိုးရက တစ်ဦးလျှင် ရူပီး ၅ သိန်းစီ ပေးအပ်ခဲ့ပြီးဖြစ်သလို ထိခိုက် ဒဏ်ရာရ သူများကိုလည်း ရူပီး ၅ သောင်းစီ ထောာက်ပံ့ခဲ့သည်။
တစ်ချိန်တည်းမှာပင် မက်ဟာလာယာ (Meghalaya) ပြည်နယ်ဝန်ကြီးချုပ် ကွန်ရက်ဒ်ဆန်မာ (Conrad Sangma) ကလည်း AFSPA အက်ဥပဒေရုတ်သိမ်းပေးရေး ၎င်း၏ တရားဝင် တွစ်တာလူမှုကွန်ရက်မှ တဆင့် တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် ဇွန်လအစောပိုင်းတွင် ဗဟိုအစိုးရက နာဂလန်းပြည်နယ်အပေါ် “မအေးချမ်းသောနယ်မြေ” အဖြစ် ကြေညာခဲ့ပြီး ၁၉၅၈ ခုနှစ် တပ်မတော်အထူးအခွင့်အာဏာများဆိုင်ရာ အက်ဥပဒေ၏ စစ်ဆင်ရေးနယ်မြေ သတ်မှတ်ခြင်းကို နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့သည်။
ပုံ- အိန္ဒိယစစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများ၏ ဈာပနာအခမ်းအနား။(HNA5)
အဆိုပါအက်ဥပဒေသည် နာဂလန်းပြည်နယ်တွင် ဆယ်စုနှစ်များစွာ အသက်ဝင်ခဲ့ဖူးသည်။
မအေးချမ်းဘဲ (အနှောင့်အယှက်ဖြစ်စေသော) နယ်မြေများဆိုင်ရာ (အထူးတရားရုံး) အက်ဥပဒေ ၁၉၇၆ ထဲတွင် “အနှောင့် အယှက်ရှိကြောင်း ကြေညာပြီးသည်နှင့် အဆိုပါဒေသ(ဧရိယာ)အတွင်း လက်ရှိ အနေအထားအတိုင်း အနည်းဆုံး ၃ လအထိ ထိန်းသိမ်းထားရမည်ဟု ဆိုထားသည်။
အဆိုပါ ပြဋ္ဌာန်းချက်အရ ယခုကဲ့သို့ ကြေညာခံရသော ဧရိယာတွင် တပ်အရာရှိ တစ်ဦးဦးသည် ဥပဒေနှင့်မညီဘဲ ဆောင်ရွက် နေသူ မည်သူမဆို သတိပေးရန် (သို့မဟုတ်) ပစ်ခတ်ရန်နှင့် အခြားတပ်ဖွဲ့ အမျိုးအစားများ သုံးစွဲရန် အခွင့်အာဏာအပြည့်အဝ ရှိသည်။
ယခင်သီတင်းပတ် ဒီဇင်ဘာ ၄ ရက်က မွန်းခရိုင်တွင် ကျောက်မီးသွေး တွင်းတူး လုပ်သားများဟုဆိုသည့် အရပ်သား ၁၃ ဦး ထက် မနည်းကို အိန္ဒိယအထူးတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး ယင်းဖြစ်စဉ်အပေါ် “ကံမကောင်း အကြောင်းမလှခြင်းသာဖြစ်ကြောင်း” ရည်ညွှန်းပြောကြားလျက် အိန္ဒိယစစ်တပ်က အတည်ပြုခဲ့သည်။
“ဒီဖြစ်စဉ်နဲ့ နောက်ဆက်တွဲ ကိစ္စတွေအတွက် အင်မတန် ဝမ်းနည်းပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ အသက် ဆုံးရှုံးရတဲ့ အကြောင်းရင်းကို တပ်ရဲ့ အမြင့်ဆုံးအဆင့်မှာ စုံစမ်းစစ်ဆေးနေပြီးတော့ ဥပဒေနဲ့အညီ ထိုက်တန်တဲ့ အရေးယူမှု တွေ ဆောင်ရွက်သွားမှာပါ” ဟု အိန္ဒိယစစ်တပ်၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
Source: northeasttoday.in