၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုများအနက် ၂ မှုကို အမိန့်ချမှတ်ခဲ့ပြီး ကျန်အမှုများကို အပေးအယူ ညှိနှိုင်းမှု အပေါ်မူတည်ပြီး အပြောင်းအလဲ ဖြစ်သွားနိုင်သည်ဟု တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ဒီဇင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက ထောင်ဒဏ် ၄ နှစ်စီ ချခဲ့ပြီးနောက် ထိုနေ့ညပိုင်းတွင် ထက်ဝက်သာ ကျခံရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “အပေးအယူ ညှိနှိုင်းမှုပေါ်မှာ မူတည်ပြီး‌တော့ ၂ မှုကတော့ စတိချထားတယ်။ ကျန်တဲ့ အမှုတွေကို ပိတ်သိမ်းပေးလို့ ရတာပဲ။ အမှုတွေ ပိတ်သိမ်းတာလည်း အများကြီးပဲ ကြားဖူးနေတာ။ စတိသဘောမျိုးနဲ့ ၂ မှု လုပ်ထားပြီး‌ တော့ ကျန်တဲ့ အမှုတွေကို ပိတ်သိမ်းသွားနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှု အပေးအယူ ဘယ်လောက် ကောင်းလဲဆိုတာ ကြည့်ရမှာပေါ့ဗျာ။ အဲဒီ အပေးအယူ မတည့်ဘူး၊ နောက်ပြီးတော့ ပဋိပက္ခပိုကြီးလာမယ်ဆိုရင်လည်း သူက ခုနအမှုတွေ ပြန် ခေါ်တာပေါ့။ ပြန်ခေါ်ပြီး အမှုတွေ လုပ်မှာပေါ့။ အကယ်၍ ညှိနှိုင်းလို့ရရင် အဆင်ချော့မွေ့တယ်ဆိုရင် အထူးသဖြင့်တော့ Power Sharing လေး ဘာလေးတည့်သွားရင်လည်း တစ်မျိုးဖြစ်သွားနိုင်တာပေါ့ဗျာ” ဟု CNI သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် စွဲဆိုထားသည့် အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ရာဇသတ်ကြီး ဉပဒေပုဒ်မ ၅၀၅(ခ)နှင့် စွဲဆိုခံထားရသည့် အမှုအတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံစေရန် နေပြည်တော်အထူးတရားရုံးက အမိန့်ချခဲ့သည်။

နိုင်ငံရေးပဋိပက္ခများတွင် တစ်ဖက်က အတိုက်အခံများကို ဖမ်းဆီးမှုများ ယခင်ခေတ်ကတည်းက ပြုလုပ်ခဲ့ကြောင်း၊ ယခုဖြစ် စဉ်မှာ ရှေ့ကို ကြိုတင်ခန့်မှန်းရန် ခက်ခဲကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦး‌ထွန်း‌အောင်ကျော်က ပြောသည်။

ပုံ-ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တိုင်းရင်းသားခေါင်းဆောင်များကိုတွေ့ရစဉ်။( NCA-S EAO)

၎င်းက “အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ် တားဆီးကာကွယ်ရေးဥပဒေတွေနဲ့ ဥပဒေကို မလိုက်နာတဲ့အတွက် လူပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ဖောက်ဖျက်တယ်၊ ဥပဒေကို လေးစားလိုက်နာမှု မရှိဘူးဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ အမှုတွေကို စစ်ဆေးပြီးမှ စီရင်တာ ကျနော်တို့ တွေ့တယ်လေ။ အဲဒီတော့ ဒီကိစ္စတွေက ကြည့်လို့ရှိရင် နိုင်ငံရေး ရည်ရွယ်ချက်ထက် ဥပဒေကို မလေးစား မလိုက်နာတဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ပတ်သက်တယ်လို့ အဲလိုပဲ မြင်တယ်”ဟု CNI သို့ ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက ယခင်က KNU မှ ပဒိုမန်းငြိမ်းမောင်ကို ပြန်လွတ်ပေးရန် ‌တောင်းဆိုမှုကို တရားရင်ဆိုင်နေစဉ် ပြန် လွတ်၍ မရဘူးဟု ပြောခဲ့ဖူးကြောင်း၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ပြီးမှ နောက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်ခဲ့ကြောင်း၊ ထို့နောက် KNU သည် ပြည်နယ်အဆင့် အပစ်ရပ်နိုင်ခဲ့ကြောင်း ပြောသည်။

ထို့ကြောင့် ‌အပေးအယူ ညှိနှိုင်းမှု အဆင်ပြေပါက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ရှိနေသည့် အမှုများကိုလည်း ရုပ်သိမ်းခြင်း၊ အမိန့်ချမှတ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း စသည့် အခြေအနေများ ပေးနိုင်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ထောင်ဒဏ်ချတယ်ဆိုတာက ဆက်လုပ်လို့ လွယ်သွားတာပေါ့။ လွတ်ငြိမ်းချမ်းသာခွင့် အပြည့်ပေး ချင်လည်း ရတယ်။ အကန့် အသတ်နဲ့ ပေးချင်လည်း ရတယ်။ ပုံစံအမျိုးမျိုးနဲ့ သွားလို့ရတာပေါ့။ တရားစီရင်တာနဲ့စာရင် ပိုပြီး တော့ option တွေ အများ ကြီး ထွက်လာနိုင်တဲ့ နေရာမျိုးပေါ့ဗျာ။ ဒါကြောင့် လာမယ့် ၂၀၂၂ ထဲမှာ စစ်ကောင်စီရဲ့ နိုင်ငံရေး အခင်းအကျင်းကို ကျနော်တို့ မသိသေးတဲ့ အခါကြ‌တော့ အခု ၄ နှစ်ကနေ ၂ နှစ်ဆိုတော့ ဘာဖြစ်ဖြစ် စစ်ကောင်စီချထားတဲ့ Roadmap က ၂ နှစ်အတွင်းမှာ ပြီးနိုင်မယ်လို့ တွက်ချက်ပုံလည်း ရတာပေါ့ဗျာ။ ကျနော်တို့ ၂၀၂၂ ခုနှစ် တစ်နှစ်၊ ၂၀၂၃ ရွေး ကောက်ပွဲနှစ် တစ်နှစ်၊ ဒီ၂ နှစ်ကို ချိန်ပြီးတော့ ကန့်သတ်လိုက်တယ်လို့ ကျနော်ယူဆတာပေါ့ဗျာ”ဟု CNI သို့ ပြောသည်။

ထို့အပြင် ပြစ်မှုထင်ရှား စီရင်ချက်ကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး၊ သမ္မတရာထူးများမှာ ပြစ်ဒဏ်စီရင်မှု ခံရသည့်အတွက် ပျက်ပြယ်သွားနိုင်သည့် ကြိုးပမ်းမှုလည်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေး ဥပဒေဖြင့် ၁ မှု၊ ပို့ကုန်သွင်းကုန် ဥပဒေဖြင့် ၁ မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ၂ မှု၊ ပုဒ်မ ၅၀၅ (ခ) ၁ မှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ၄ မှုတို့ အပါအ၀င် စုစုပေါင်း ၁၁ မှုဖြစ် တရားစွဲဆိုထားကာ အမှု ၂ မှုကို အမိန့်ချမှတ်ခဲ့ပြီး ဖြစ်သည်။