ဘိုဂိုတာ၊ နိုဝင်ဘာ ၂၅
ကိုလံဘီယာနိုင်ငံမှ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ FARC ကို အမေရိကန်က ၎င်း၏ နိုင်ငံခြား အကြမ်းဖက် အဖွဲ့အစည်းများစာရင်းမှ ယခုနိုဝင်ဘာလကုန်ပိုင်းတွင် ဖယ်ရှားရန်စီစဉ်ထားပြီးဖြစ်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက ပြောကြားသည်ဟု ရိုက်တာသတင်းကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။
မာ့က်စ်ဝါဒီသူပုန်များနှင့် ကိုလံဘီယာအစိုးရတို့အကြား ဆယ်စုနှစ်များစွာ အကြမ်းဖက်မှုများ အဆုံးသတ်စေသည့် ငြိမ်းချမ်းရေးသဘောတူညီချက်၏ ၅ နှစ်မြောက်အကြိုနေ့ဖြစ်သော နိုဝင်ဘာ ၂၃ ရက်တွင် ယင်းသို့အကြမ်းဖက် အဖွဲ့အစည်းစာရင်းမှ ရုပ်သိမ်းမည့်အစီအစဉ်ကို အမေရိကန်သတင်းဌာနများက အစောဆုံးဖော်ပြခဲ့ကြသည်။
အဆိုပါကိစ္စရပ်ကို ကိုလံဘီယာအစိုးရထံသို့ နိုဝင်ဘာ ၂၄ ရက်ကျမှ တရားဝင်အသိပေးခဲ့သော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက FARC အား အကြမ်းဖက်အဖွဲ့စာရင်းမှ ပယ်ဖျက်ရန် စီစဉ်ထားကြောင်း ကွန်ဂရက် (လွှတ်တော်)သို့ နိုဝင်ဘာ ၂၃ ရက်ကပင် တရားဝင်အကြောင်းကြားထားပြီးဖြစ်သည်။
FARC အဖွဲ့သည် ကိုလံဘီယာနိုင်ငံအတွင်း ဆိုးဝါးသောနိုင်ငံရေးအကြမ်းဖက်မှုကာလ၌ ဆယ်စုနှစ် ၅ ခုကြာ တိုက်ပွဲဝင်ခဲ့ပြီး ကိုလံဘီယာရှိ ဆင်းရဲသားများကို ဥစ္စာဓန ပြန်လည်ခွဲဝေပေးသည်ဟု အမည်ခံယူလျက် ဗုံးခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် တိုက်ခိုက်ခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့သည်။
အဆိုပါအဖွဲ့သည် ဘိုဂိုတာအစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ၏ကြီးကြပ်ကွပ်ကဲမှုဖြင့် လက်နက်ဖျက် သိမ်းရေး အထမြောက်ခဲ့သည်။ ယနေ့ ကာလ တွင် FARC သည် ကိုလံဘီယာဥပဒေပြုလွှတ်တော်အတွင်း အမတ်နေရာအာမခံချက်ရှိသည့် နိုင်ငံရေးပါတီ တစ် ပါတီအဖြစ် သတ်မှတ်ခံခဲ့ရပြီဖြစ်သည်။
၎င်းအဖွဲ့ကို အမေရိကန်တို့က အကြမ်းဖက်အဖွဲ့များစာရင်းမှ ဖယ်ရှားပေးလိုက်ခြင်းဖြင့် ယခုအခါ ပုဂ္ဂလိက (သို့မဟုတ်) နိုင်ငံရေးလောကသို့ ဝင်ရောက်နေသော FARC အဖွဲ့ဝင်များနှင့် အမေရိကန်အစိုးရအရာရှိများ လက်တွဲလုပ်ဆောင်စေနိုင်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။
ဂျိုးဘိုင်ဒန်အစိုးရသည် ယခင် FARC သူပုန်ဟောင်းများနှင့် အကြမ်းဖက်အဖွဲ့စာရင်းတွင် ရှိခဲ့ဖူးသော နောက်ထပ် ပေါ်ပေါက်လာသော FARC အမည်ကို ပြောင်းလဲထားသည့် သဘော ထားတင်းမာသောအုပ်စုများကိုမူ အကြမ်းဖက် စာရင်း၌ ဆက်လက်ထားရှိထားရန် ရည်ရွယ်ထားကြောင်း အဆိုပါအမေရိကန်အရာရှိက ဖြည့်စွက်ပြောကြား ခဲ့သည်။
Source: Reuters, Aljazeera