CNI International News

ကဘူးလ်၊ နိုဝင်ဘာ ၂၄

အာဖဂန်နစ္စတန်နိုင်ငံ၏အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် အစ္စလာမ္မစ်နိုင်ငံတော်(IS) အိုင်အက်စ်တို့နှင့် ဆက်နွှယ်နေသည့် စစ်သွေးကြွ ၁၀၀ ခန့် နိုဝင်ဘာ ၂၃ ရက်က လက်နက်ချခဲ့ကြောင်း ဒေသဆိုင်ရတာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြား သည်ဟု တရုတ်အာဘော် ဂလိုဘယ်တိုင်းမ် သတင်းစာမှ ဖော်ပြထားသည်။

နန်ဂါဟာပြည်နယ်၏ မြို့တော် ဂျလာလာဘတ်မြို့ရှိ ထောက်လှမ်းရေးညွန်ကြားရေးမှူးရုံး (GDI) တာဝန်ရှိသူများထံသို့ ဒေ့ရှ် (Deash) (သို့မဟုတ်) အိုင်အက်စစ်သွေးကြွ ၁၀၀ ခန့် လက်နက်ချခဲ့ကြောင်း GDI ညွှန်ကြားရေးမှူး မိုဟာမက်ဘာရှာက သတင်းထောက်များကို ပြောသည်။

ပုံ-လက်နက်ချခဲ့သည့် အိုင်အက်စ်စစ်သွေးကြွများကိုတွေ့ရစဉ်။(Xinhua)

ယခု လက်နက်ချလိုက်သော စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ မူဟာမန်ဒါရာ၊ ချပါဟာ၊ ကော့နှင့် ခိုဂျီယာ နီ ခရိုင်များတွင် လှုပ်ရှားခဲ့ သူများဖြစ်ကြောင်း မိုဟာမက်ဘာရှာက ဆက်ပြောသည်။

သူပုန်ဟောင်းများ လက်နက်ချခြင်းနှင့်အတူ အာဖဂန်တောင်တန်းဒေသတွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး ပိုမိုအားကောင်း လာမည်ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

အဆိုပါ လက်နက်ချလိုက်သော စစ်သွေးကြွများက အခြား အိုင်အက်စ် အဖွဲ့ဝင်များကိုလည်း လက်နက်ချကြရန် တိုက်တွန်း သွားခဲ့သည်။

မကြာသေးမီက နန်ဂါဟာပြည်နယ်အတွင်း တိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့သည့် အိုင်အက်စ် အဖွဲ့ကတော့ ယခုသတင်း နှင့် ပတ်သက်၍ သဘောထားမှတ်ချက် မပေးသေးပေ။

Source: Global Times