၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာရှိ လီဆူပြည်သူ့စစ်အဖွဲ့ကို ဒူးလေးပါတီက ဖွဲ့စည်းခြင်းမဟုတ် ကြောင်း လီဆူလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီကို အားကိုးပြီး ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာတွင် တပ်စခန်းချနေသော ဦးရွှေမင်း၏ ဒူးလေး ပါတီ၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးခေါ်လေး(ဝူယန်ကျေး ရွာ၊ ဂျင်မာ-၁ ရပ်ကွက်)နှင့် ဦးလာပျာဝူ (ဝူယန်ကျေးရွာ၊ လီဆူရပ် ကွက်)တို့ နှစ်ဦး အနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် တပ်စခန်းချနေရာယူခြင်း၊ အများပြည်သူသွားလာသောလမ်းကို ပိတ်ဆို့နှောင့်ယှက် စစ်ဆေးမေးမြန်းခြင်း၊ အရှက်မရှိ ဟင်းဖိုးပေးပါဟုဆို ကာ ငွေကြေးတောင်းခံခြင်း၊ စစ်ကောင်စီတပ်နှင့် ပူးပေါင်းစစ်ရေးလှုပ်ရှားခြင်း၊ ကူညီခြင်းများ မပြုလုပ်ရန် တားမြစ်လိုက်သည်ဟု ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA) တပ်ရင်း (၃)က နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် လုံးဝ (လုံးဝ) မပြုလုပ်ဘဲ ရပ်တန်းကရပ်ရန်၊ တားမြစ်ချက်ကို ဆက်လက်ကျူးလွန်ပါက ပြင်းထန်စွာ အရေးယူ ဆောင်ရွက်ခြင်း ခံရမည်ဖြစ်ကြောင်း သတိပေးတားမြစ်လိုက်သည်ဟုလည်း ဖော်ပြထားသည်။

ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းက “တစ်အချက်ကတော့ ဒါက ကျနော်တို့ ပါတီအနေနဲ့ လုပ်ဆောင်တာ မဟုတ်ဘူးဆိုတာ ပြောချင်ပါတယ်။ နှစ်အချက် ကျနော်က လီဆူလူမျိုးဖြစ်တဲ့အတွက် မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက် ကိုယ့်လူမျိုး ကိုယ့် တိုင်း ပြည်အတွက် လုပ်သင့်လုပ်ထိုက်တာကို ကျနော် အားပေးနေတာတော့ ရှိပါတယ်။ နောက်တစ်ခုက ကျနော်တို့ကို ခြိမ်းခြောက်တဲ့ကိစ္စသည် အခုမှမဟုတ် နှစ် ၇၀ ဖိနှိပ်ပြီးတော့ မတရား ဆက်ကြေးကောက်၊ မတရားသတ်ဖြတ်၊ မတရား မုဒိန်းကျင့် လုပ်ချင်တာလုပ်ခဲ့တဲ့ ဒီ KIA ကို ကျနော်တို့ ဆန့်ကျင်ခဲ့တာ အားလုံးအသိပဲ ဖြစ်တယ်။ အရင်တုန်းက ကျနော် တို့ ဆန္ဒဖော်ထုတ်ခဲ့တယ်။ တရားဝင် တောင်းပန်ဖို့ ပြောတယ်၊ မတောင်းပန်ဘူး၊ အဲတော့ သူတို့ သတ်ဖြတ်ခဲ့တဲ့ သူတို့ နှိပ်စက်ခဲ့တဲ့လီဆူလူမျိုးတွေ မခံမရပ်နိုင်လို့ အခုလို ထကြွတာဖြစ်တယ်”ဟု CNI သို့ ပြောသည်။

ပုံ- ဝူယန်ကျေးရွာရှိ လီဆူပြည်သူ့စစ်အဖွဲ့က စစ်ဆေးနေစဉ်။(CJ)

ထို့နောက် ပြည်သူ့စစ်များ ငွေတောင်းသည်မှာ မှန်ကန်ကြောင်း၊ သို့သော် မတရားတောင်းခြင်းမဟုတ်ဘဲ ခင်မင်ရင်းနှီးသူ များကို ဟင်းဖိုး တက်နိုင်သမျှပေးရန် တောင်းခြင်းဖြစ် ကြောင်း၊ KIA အနေဖြင့်ရော တရားသော ငွေကြေးနှင့် ဘယ်မှာ ရပ်နေတာမှုရှိသလဲဟု မေးခွန်းထုတ်လိုကြောင်း၊ KIA အနေဖြင့် အိမ်ထောင်စုတိုင်း မပေး မနေရ ဆက်ကြေးကောက်ခံ နေကြောင်း၊ ယခု ပြည်သူ့စစ်များ၏ လုပ်ဆောင်မှုများသည် ဒူးလေးပါတီနှင့် မပတ်သက်ကြောင်း၊ ပါတီနှင့် လူမျိုး၏ ပုံရိပ် ကို ထိခိုက်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

KIO/KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခု ထုတ်ပြန်ချက်သည် KIO ဗဟိုကော်မတီအနေဖြင့် ထုတ်ပြန်ခြင်းမရှိကြောင်း၊ နယ်မြေ တပ်ရင်း-တပ်ဖွဲ့၏ အုပ်ချုပ်မှု လုပ်ငန်းအရ ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း၊ ထုတ်ပြန် ချက်ထဲမှာ ပါသည့်အတိုင်း ရန်သူဘက်မှ ရပ်တည်ပြီး လူမျိုးစုဝင် အချင်းချင်း ပြဿနာဖြစ်စေမည့် လုပ်ရန်များ မလုပ် တာ အကောင်းဆုံးဖြစ်ကြောင်း ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “အဲဒီထဲက ထုတ်ပြန်ကြေညာချက်တဲ့ အတိုင်းပေါ့၊ တခြား ရန်သူဘက်မှာ ရပ်တည်ပြီးမှ ကျနော်တို့ တိုင်းရင်းသား အချင်းချင်း၊ လူမျိုးစုဝင် အချင်းချင်း ပြ ဿနာဖြစ်စေမယ့် ဟာတွေကတော့ မလုပ်တာ အကောင်းဆုံး ဖြစ်ပါ တယ်။ တခြား ရန်သူဘက်မှာ ရပ်တည်ပြီးမှ သူတို့ ခိုင်းတာတွေလုပ်၊ သူတို့ပေးတာတွေကိုပဲ စားပြီးမှ ကျနော်တို့ အချင်းချင်း ပြဿနာပေါ်တာမျိုးတော့ နောက်နောင်မှာလည်း ကျနော်တို့ အခက်အခဲတွေ အများကြီးရှိနိုင်ပါတယ်”ဟု CNI သို့ ပြောသည်။

ပုံ-KIA တပ်ရင်း ၃ ၏ ထုတ်ပြန်ချက်။

တပ်တစ်ခု တည်ဆောက်သည့်နေရာမှာ မိတ်ဆွေဆိုတာ ရှိကြောင်း၊ ယခု ဆောင်ရွက်ခြင်းက မိတ်ဆွေအနေဖြင့် ဆောင် ရွက်ခြင်းဖြစ်ပြီး နိုင်ငံရေးအရ ဆောင်ရွက်ခြင်းမဟုတ်ကြောင်း၊ KIA ၏ လီဆူလူမျိုးများအပေါ် ဆက်ကြေးကောက်၊ လူသစ် စုဆောင်း၊ ဖိနှိပ်ခြင်းများကြောင့် လီဆူများ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရေး ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း ဦးရွှေမင်းက ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ ကချင်ပြည်နယ်တွင် လူနည်းစုများကြား ပဋိပက္ခသည် ယခုမှမဟုတ်ဘဲ ဗမာပြည်ကွန်မြူနစ်ပါတီ လက်ထက်ကတည်းက ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထိုအရေးကိစ္စများကို ဖြေရှင်းနိုင်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း ဆိုသည်။

ပုံ- ဝူယန်ကျေးရွာရှိ လီဆူပြည်သူ့စစ်အဖွဲ့က စစ်ဆေးနေစဉ်။(CJ)

၎င်းက “ကျနော်သိရသလောက်တော့ အဲဒီဒေသမှာ အဲသလို လူမျိုးငယ်တွေပေါ့နော်၊ တိုင်းရင်းသားလူနည်းစုတွေကြားမှာ ပဋိပက္ခ ရှိတာက အခုမှမဟုတ်ဘူး၊ ဟိုတုန်းကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီ ၁၉၆၈ ခုနှစ်ရောက်လာတဲ့ အချိန်ကျ တော့ ပိုသိ လာတာပေါ့။ ဥပမာ ဦးစဇုန်တိန့်ယိမ်းရဲ့ အဖွဲ့က ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ပေါင်းလိုက်တယ်ဆိုတာ အ မှန်က ဦးစဇုန်တိန့် ယိမ်းက ဂျိန်းဖောလူမျိုးမဟုတ်ဘူး။ ကချင်လို့ အားလုံး ခေါ်ပေမယ့် ဂျိန်းဖောဆိုတာကတော့ အဲဒီဒေသမှာ လူမျိုးကြီး၊ အဲဒီ အောက်မှာ လီဆူနဲ့လည်း ပြ ဿနာရှိတယ်၊ ရှမ်းနီနဲ့လည်း ပြဿနာရှိတယ်။ ခုနက ဦးစဇုန်တိန့်ယိမ်းတို့ရဲ့  ဇီးတို့ အဲတာ တွေနဲ့လည်း ပြဿနာတွေရှိတယ်။ ဆိုတော့ ဒီဥစ္စာက ရှိနေမှာပဲ၊ အချင်းချင်း နယ် နိမိတ်ချင်း ထိစပ်နေတဲ့ နေ ရာမှာ နေတဲ့ လူမျိုးငယ်တွေကြားက ပဋိပက္ခပေါ့။ ဗမာလူမျိုးကြီးနဲ့ကြားက ပဋိပက္ခကို အခု လက်နက်နဲ့ဖြေရှင်း နေကြတာ နောက်ဆုံး အဖြေက ဖက်ဒရယ်စနစ်နဲ့သွားမယ်ဆိုတော့ ဒီဟာတွေကလည်း အမှန်က ဖက်ဒရယ်စနစ်နဲ့ပဲ သွားရမှာ။ ဖက်ဒရယ်စနစ်နဲ့ သွားတဲ့အခါ ဒေသသတ်မှတ်ဖို့တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ သတ်မှတ်ဖို့တွေ၊ အဲတာတွေ အသေးစိတ် တွေ အဲဒေသတွေမှာ လိုလိမ့်မယ်”ဟု CNI သို့ ပြောသည်။

ကချင်ပြည်နယ်တွင် ရှမ်းနီ အပါအဝင် ရှမ်းမျိုးနွယ်စုများ၊ လီဆူ၊ ဇီး၊ မြောင်၊ ရဝမ်၊ ဂျိန်းဖော၊ ဗမာ၊ ရခိုင် တို့အပြင် တခြား သော လူမျိုးစု ပေါင်းစုံ ရောနှောနေထိုင်လျက်ရှိသလို တပ်မတော်၊ KIA၊ ဌာနေ ပြည်သူ့စစ်အဖွဲ့၊ အသွင်ပြောင်း(ငြိမ်းချမ်း ရေးယူပြီး ပြည်သူ့စစ်ပြောင်းဖွဲ့စည်းထား)ပြည်သူ့စစ်အဖွဲ့၊ ဒေသကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့၊ ရှမ်းနီ(SNA) စသည့် လက်နက်တပ်ဆင်ထားသည့် အဖွဲ့အစည်း ပေါင်းစုံလည်း လှုပ်ရှားလျက်ရှိသည်။