အဒစ်ဘာဘာ၊ နိုဝင်ဘာ ၂၃

အီသီယိုးပီးယားနိုင်ငံ၏ ဝန်ကြီးချုပ်က နိုဝင်ဘာ ၂၃ ရက် (ယနေ့)မှစ၍ အီသီယိုးပီးယားစစ်တပ်၏ သူပုန်များတိုက်ခိုက်ရေး စစ်မျက်နှာကို မိမိ ဦးဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

“ဒီအချိန်မှာ အာဇာနည်စိတ်ဓာတ်နဲ့ တိုင်းပြည်ကို ဦးဆောင်မှုပေးဖို့ လိုအပ်နေပါပြီ”ဟု ဝန်ကြီးချုပ် အဘီအာမက်က နိုဝင်ဘာ ၂၂ ရက် ညပိုင်း၌ လူမှုကွန်ရက်မီဒီယာပေါ်သို့ ကြေ ညာချက်တစ်စောင် လွှင့်တင်၍ ပြောကြားထားသည်။

၎င်း၏ပြိုင်ဘက် တီဂရေးတပ်ဖွဲ့(သူပုန်)များသည် မြို့တော် အဒစ်ဘာဘာ အနီးသို့ ပိုမိုလျင်မြန်စွာ တပ်ရွှေ့လာကြသဖြင့် အဘီအာ မက် အစိုးရသည် ယခုလ အစောပိုင်းကတည်း က တိုင်းပြည်သို့ အရေးပေါ် အခြေအနေ ကြေညာခဲ့ရသည်။

ပုံ-တီဂရေးသူပုန် တပ်ဖွဲ့ကိုတွေ့ရစဉ်။

အဘီအာမက် အာဏာမရမီကပင် အီသီယိုးပီးယားနိုင်ငံ၏ မြောက်ပိုင်းရှိ တီဂရေးဒေသတွင် အီသီယိုးပီးယား အစိုးရတပ်များ နှင့် တီဂရေးသူပုန်တပ်ဖွဲ့၊ မဟာမိတ်တပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သော နှစ်ရှည်လများကြာ စစ်ပွဲကြောင့် လူပေါင်းသောင်းနှင့် ချီ၍ သေကြေပျက်စီးခဲ့ရသည်။

အာဖရိကတိုက်၏ ဒုတိယလူဦးရေ အများဆုံးဖြစ်သော အီသီယိုးပီးယားနိုင်ငံတွင် ယနေ့ကာလတွင် စစ်ကြောင့် ဆုံးရှုံးနစ်နာမှု များပြားနေပြီး အိမ်နီးချင်း အာဖရိကနိုင်ငံဒေသများတွင်လည်း မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း အမေရိကန်နှင့် အခြားနိုင်ငံ များက သတိပေးထားကြသည်။

စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သည့် ဝန်ကြီးချုပ်၏ ကြေညာချက်တွင် နိုဝင်ဘာ ၂၃ ရက်မှစတင်၍ မည်သည့်စစ်မျက်နှာသို့ ၎င်းသွားရောက်မည်ကို တိတိကျကျ ဖော်ပြမထားပေ။ ထို့ပြင် ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ ဘေလန့်စ်ဆီယောင် (Billence Seyoum) ထံသို့ အေပီက သဘောထားမှတ်ချက်ပေးရန် တောင်းခံခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိပါ။

ပုံ- ဝန်ကြီးချုပ် အဘီအာမက်ကို ထောက်ခံနေကြသူများ။ (AP)

၎င်းကြေညာချက်ကို တုံ့ပြန့်သည့်အနေဖြင့် တီဂရေးဒေသမှ တပ်ဖွဲ့များ၏ပြောခွင့်ရသူ ဂီတာချောရီဒါ (Getachew Reda) က “ကျနော်တို့တပ်ဖွဲတွေဟာ အဘီအာမက်ရဲ့ချုပ်ကိုင်မှုကို အဆုံးသတ်ဖို့နဲ့ ကျနော်တို့ဒေသက လူတွေအတွက် ဆောင်ကြဉ်း ပေးဖို့ ရန်သူအပေါ် မညှာမတာ ချီတက်တာကို လျှော့ပေးမှာတော့ မဟုတ်ဘူးဗျ” ဟု ပြောကြားခဲ့သည်။

တီဂရေးဒေသမှ တပ်ဖွဲ့များကအီသီယိုးပီးယားအစိုးရကို ဖိအားပေးနေသလို အဘီအာမက်ကိုလည်း အာဏာစွန့်ရန် တောင်းဆိုနေသည်။

အီသီယိုးပီးယားအရေးနှင့် ပတ်သက်၍ အာဖရိကသမဂ္ဂ၊ အမေရိကန်တို့မှ သံတမန်များက တိုက်ပွဲများ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ရန်၊ သံတမန်ရေးရာ ကြိုးပမ်းရန်နှင့် ကြို တင်သတ်မှတ်ချက်များ မပါသော နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် တိုက်တွန်းနေကြသည်။

အဘီအာမက်၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက “စေ့စပ်ဖျန်ဖြေရေး အခွင့်အလမ်း ထွက်ပေါက်အတွက် သေးငယ်သည့် ပြတင်းတံခါးတစ်ချက် ရှိနေဦးမည်ဟု ယုံကြည် ကြောင်း” သတင်းထောက်များကို ပြောကြားခဲ့သည်။

Source: AP