ဆိုးလ်၊ နိုဝင်ဘာ ၂၃
၁၉၇၉ ခုနှစ်က တိုင်းပြည်ကို အာဏာသိမ်းခဲ့ပြီး ဒီမိုကရေစီတောင်းဆိုမှု ဆန္ဒပြပွဲများကို ခပ်ကြမ်းကြမ်း နှိမ်နင်းခဲ့သည့် စစ်တပ်၌ ဩဇာကြီးမားခဲ့သူ တောင်ကိုရီးယား သမ္မတဟောင်း ချန်ဒူးဝမ်သည် ယနေ့ (နိုဝင်ဘာ ၂၃ ရက်)တွင် အသက် ၉၀ အရွယ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
ချန်ဒူးဝမ်သည် ထောင်ထဲ မဝင်မီအထိ အာဏာရှိစဉ်အတွင်း သဘောထား တင်းမာသူအဖြစ် ကျော်ကြားခဲ့သူဖြစ်ကြောင်း အေပီက ဆက်လက် ရေးသားထားသည်။
၎င်းသည် မကြာသေးမီ နှစ်များအတွင်း အယ်လ်ဇိုင်းမား ရောဂါနှင့် သွေးကင်ဆာ ရောဂါတို့ကို ခံစားခဲ့ရပြီး ယနေ့တွင် ဆိုးလ်မြို့ရှိ ၎င်း၏နေအိမ်၌ နှလုံးဖောက်၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့နှင့် အရေးပေါ် တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
ချန်ဒူးဝမ်သည် ၎င်း၏စစ်မှုထမ်း မိတ်ဆွေတစ်ဉီးဖြစ်သူ သမ္မတဟောင်း ရိုတေဝူး အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန် သွားပြီး တစ်လအကြာမှာ ယနေ့ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
ရိုတေဝူးသည် တောင်ကိုရီးယားနိုင်ငံတွင် အာဏာသိမ်းရန်အတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၁၉၈၇ ခုနှစ်အရောက် ဒီမိုကရေစီရွေးကောက်ပွဲ၌ အနိုင် ရကာ ချန်ဒူးဝမ်၏ သမ္မတရာထူးကို ဆက်ခံခဲ့သူဖြစ်သည်။
ချန်ဒူးဝမ်သည် ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလက အာဏာသိမ်းစဉ်ကာလတွင် ဗိုလ်ချုပ်ကြီး ရာထူးဖြင့် တာ၀န်ထမ်းဆောင်နေ သူ ဖြစ်သည်။ ယခင်သမ္မတဟောင်း ပက်ချုံဟီးသည် ချန်ဒူးဝမ်၏ လက်ဦးဆရာ ဖြစ်ခဲ့သည်။ ထို့နောက် ပက်ချုံဟီး ညပိုင်း ပါတီပွဲ တစ်ခု တက်နေစဉ် ထောက်လှမ်းရေး အကြီးအကဲတစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အာဏာသိမ်းမှု ဆက်လက် ဖြစ်ပွားခဲ့ရာမှာ ချန်ဒူးဝမ် အရေးကြီးဆုံးလူ ဖြစ်လာခဲ့သည်။
ပုံ-အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားသည့် ချန်ဒူးဝမ်ကိုတွေ့ရစဉ်။(AP)
ချန်ဒူးဝမ်သည် အာဏာရပြီးနောက် ဂွမ်ဂျုမြို့ (Gwangju) လူထုအုံကြွမှုကို ပြင်းထန်စွာ နှိမ်နင်းခဲ့ခြင်းဖြင့် ၎င်း၏ အာဏာကို အလျင်အမြန် စုစည်းခဲ့သည်။ သောင်းနှင့်ချီသော ကျောင်းသားများနှင့် အခြားအရပ်သားများကို လူမှုရေး မကောင်းမှုများမှ အမြစ်ပြတ် နှိမ်နင်းလိုက်ကြောင်း ၎င်းအစိုးရက ကြေညာခဲ့သည်။ ဂွမ်ဂျုမြို့အရေးအခင်းတွင် စစ်တပ်၏ နှိမ်နင်းမှုကြောင့် လူ ၂၀၀ ခန့်သေဆုံးခဲ့ရာ အရပ်သားသေဆုံးမှု ပိုများကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြသည်။
ချန်ဒူးဝမ်၏ စစ်ခုံရုံးသည် ထင်ရှားသော အတိုက်အခံခေါင်းဆောင် ကင်မ်ဒေးဂျောင် (Kim Dae-jung) ကို ဖမ်းဆီးခဲ့ပြီး ဂွမ်ဂျု အရေးအခင်းကို လှုံ့ဆော်သည်ဟု စွပ်စွဲကာ သေဒဏ်ချမှတ်ခဲ့သည်။ သို့သော် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ကင်မ်၏ပြစ်ဒဏ်ကို လျှော့ပေါ့ခဲ့ပြီး နောက်ပိုင်းတွင် လွတ်မြောက်သွားခဲ့သည်။
ကင်မ်သည် နောင်တစ်ချိန်တွင် တောင်ကိုရီးယားသမ္မတ တစ်ဦးဖြစ်လာခဲ့ပြီး ၂၀၀၀ ပြည့်နှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို တောင်ကိုရီးယား ဒီမိုကရေစီမြှင့်တင်ရေး၊ ပြိုင်ဘက်မြောက်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေး ကြိုးပမ်းမှုများကြောင့် ရရှိခဲ့သည်။
နိုင်ငံရေးအရ ဖိနှိပ်မှုများရှိခဲ့သော်လည်း ချန်ဒူးဝမ်၏ ရာထူးသက်တမ်းအတွင်း တောင်ကိုရီးယားစီးပွားရေးသည် အရှိန်အဟုန် ကောင်းခဲ့သည်။ ကိုရီးယားစစ်ပွဲကာလ ညမထွက်ရအမိန့်ကို အဆုံးသတ်ပေးခဲ့ပြီး ပြည်ပခရီးစဉ်များအပေါ် ဖြေလျှော့မှုများ အပါအဝင် လွတ်လပ်သည့် အစီအမံများစွာဖြင့် ချန်ဒူးဝမ်က ကိုင်တွယ်ထိန်းကျောင်းသွားခဲ့သည်။
၎င်း၏စစ်တပ်ကျောထောက်နောက်ခံအစိုးရအပေါ် ဝါရှင်တန်ထောက်ခံမှု ရရှိစေရန်အလို့ငှာ ယခင်သမ္မတ ပက်ချုံဟီး လက်ထက်က အဏုမြူဗုံးနှင့် တာဝေးပစ် ဒုံးကျည်များ ထုတ်လုပ်မည့် အစီအစဉ်များကို ချန်ဒူးဝမ်က ပယ်ချခဲ့သည်။
ထို့ပြင် ချန်ဒူးဝမ်သည် မြောက်ကိုရီးယား လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအန်း၏ အဘိုးဖြစ်သူ ကင်မ်အီဆွန်းနှင့် ထိပ်သီး ဆွေးနွေးပွဲများ ကျင်းပလျက် မြောက်နှင့်တောင် ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းခဲ့သည်။ ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားပြည်တွင်းစစ်ကြောင့် ကွဲကွာခဲ့ရသော မိသားစုများ အပြန်အလှန် လည်ပတ်နိုင်ရေး သဘောတူချက် ရရှိခဲ့ပြီး မြောက်ကိုရီးယားထံမှ ရှားရှားပါးပါး ရေဘေး အကူအညီတောင်းခံမှုကို လက်ခံ၍ ပံ့ပိုးပေးခဲ့သည်။
Source: AP