CNI News
၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၂၇
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံ၍ နှစ်နိုင်ငံတိုက်ရိုက် လေ ကြောင်းပြေးဆွဲရေး၊ ပြည်တွင်းလောင်စာဆီအရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု နစကမှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နစကဥက္ကဋ္ဌသည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ဒုတိယ ဥက္ကဋ္ဌ Mr.Anatoly Bulochnikov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ အောက်တိုဘာ ၂၇ ရက်နေ့က တွေ့ဆုံ၍ အထက်ပါအခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြ ထားသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်း၌ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့များ၊ ဘိလပ်မြေနှင့်သံမဏိထုတ်လုပ်ရေး၊ ဓာတ်မြေသြဇာများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လျှပ်စစ် ဓာတ်အား လုံလောက်စွာ ရရှိရေးနှင့် လျှပ်စစ်ဓာတ်အား အသုံးပြု၍ အများပြည်သူ ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု နစက၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ပုံ-၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၂၇ ရက်က ရုရှားကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌတို့ တွေ့ဆုံစဉ် (dsinfo)
ထို့နောက် နှစ်နိုင်ငံကြား သွားလာမှုအဆင်ပြေစေရန်အတွက် တိုက်ရိုက်လေကြောင်း လိုင်းပြေးဆွဲရေး အခြေအနေ များ၊ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသာမက ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်ဟု ထိုထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။