CNI News
၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၉)ရပ်ကွက် ၄၈ လမ်း အလယ်ဘလောက်ရှိ ကမ္ဘောဇဘဏ် အား ဓါးပြတိုက်သွားသူများ အပါအဝင် ဆက်စပ်သူများကို ဖမ်းဆီးရမိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ က ယနေ့(အောက်တိုဘာ ၂၇ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲတွင် ဗိုလ်တထောင်မြို့နယ် ၊ (၉)ရပ်ကွက် ၄၈ လမ်း၊ အလယ်ဘလောက်ရှိ ကမ္ဘောဇဘဏ်ခွဲ၌ FF/6532(အဖြူရောင်)ယာဉ်ဖြင့် Mask တပ်ဆင်ထားသည့် ကျား ၄ ဦးမှ ဘဏ်လုံခြုံရေးဝန်ထမ်းအား သေနတ်ဖြင့် ချိန်ရွယ်ကာ ဘဏ်အတွင်းတွင် အသင့်စောင့်နေသော ကျား ၁ ဦးနှင့်ပေါင်း၍ ငွေကျပ်သိန်း ၃၀၀၀ ကျော်နှင့် ဖုန်း ၅ လုံးအား ယူဆောင်ပြီး ပြန်လည်ထွက်ခွာသွားသည့် ဘဏ်ဓါးပြတိုက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အဆိုပါ ဓါးပြတိုက်မှုတွင် ပါဝင်သူ ကျား ၁၁ ဦး၊ မ ၁ ဦး စုစုပေါင်း ၁၂ ဦးကို ဓါးပြတိုက်ရာတွင် အသုံးပြုသည့် CZ 75D အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၃ တောင့်၊ လက်လုပ်မိုင်း ၃ လုံး၊ မော်တော်ယာဉ် ၂ စီး၊ လိုင်စင်မဲ့မော်တော် ဆိုင်ကယ် ၂ စီးနှင့်အတူ အောက်တိုဘာ ၂၂ ရက်မှ ၂၇ ရက် ၅ ရက်အတွင်း ဖမ်းဆီး ရမိခဲ့သည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။
ထိုနောက် ငွေကျပ် ၂၈၁၄ သိန်းကိုလည်း ပြန်လည်သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထား သည်။
နစက-က “ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည်”ဟု ဆိုသည်။
ကမ္ဘောဇဘဏ် ဓါးပြတိုက်မှုတွင် ဖမ်းဆီးခံရသူများမှာ ဝင်းမော်ဦး၊ အာကာမင်း၊ သန်းနိုင်၊ ဟန်ဝင်းထွဋ်၊ အောင် ကိုလတ်(ခ)အရှည်ကြီး၊ နေဆန်း(ခ)နေသူရိန်ထက်၊ ကျော်ကျော်နိုင်(ခ)ဆံရှည်၊ ကိုဖြိုး(ခ)အေးချမ်းဖြိုး၊ ဒိုပေါက် (ခ)အောင်ဟိန်း၊ ရဲနိုင်ဦး၊ ဝဏ္ဏအောင်၊ တင်တင်မူ(ခ)အေးအေးမူတို့ ဖြစ်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ဝင်းမော်ဦးသည် Taxi ယာဉ်မောင်းဖြစ်ပြီး၊ အာကာမင်းမှာ Ocean Center ၌ ယာဉ်မောင်းအား ထိန်းသိမ်းပေးထားသူဖြစ်ကာ သန်းနိုင်မှာ Ocean Center တွင် ရေ/မီးဝန်ထမ်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဟန်ဝင်းထွဋ်၊ အောင် ကိုလတ်(ခ)အရှည်ကြီး၊ နေဆန်း(ခ)နေသူရိန်ထက်၊ ကျော်ကျော်နိုင်(ခ) ဆံရှည်၊ ကိုဖြိုး(ခ)အေးချမ်းဖြိုး၊ ဒိုပေါက် (ခ)အောင်ဟိန်း တို့မှာ ဘဏ်ဓါးပြတိုက်ရာမှာ ပါဝင်သူများဖြစ်ကြပြီး ရဲနိုင်ဦးကမူ ဓါးပြတိုက်သူများကို ပို့ဆောင်ပေးသူဖြစ်သည်။
အလားတူ ဝဏ္ဏအောင်သည် လက်လုပ်ဗုံး ၂ လုံးခွဲရန် တာဝန်ယူသူဖြစ်ပြီး မြောင်းမြဒေါ်ချို မုန့်ဟင်းခါးဆိုင် ပိုင်ရှင် (ရဲနိုင်ဦး၏ မိခင်) ဒေါ်တင်တင်မူ(ခ)အေးအေးမူသည် ငွေများလက်ခံသိမ်းဆည်းပေးသူဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။