CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၇

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်များအား အရေးယူရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)က သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့် အရေးယူရန် အကြောင်းကြားထားသည်။

“နိုင်ငံသားစိစစ်ရေးကတ် အမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် (၂) ကြိမ်၊ (၃) ကြိမ်နှင့်အထက် ပါဝင်နေသူများ၏ ဆန္ဒမဲပေး မှု အခြေအနေကို စိစစ်လျက်ရှိရာ “ နိုင်ငံသားစိစစ်ရေးကတ် အမှတ်တူ၊ အမည်တူနှင့် ကျန်အချက်အလက်များ အားလုံးတူ သူ မဲဆန္ဒရှင် တစ်ဦးတည်းမှ မဲရုံမဲနှင့် ကြိုတင်မဲပေးခြင်း သို့မဟုတ် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်များ” ကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ နှင့်အညီ သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့် အရေးယူနိုင်ရေး ရည်ညွှန်းပါစာဖြင့် အကြောင်းကြားထားရှိပြီး ဖြစ်ပါသည်” ဟု UEC ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

UEC မှ မဲဆန္ဒရှင် စာရင်းများကို စိစစ်ခြင်းသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉ အရ စိစစ်ခြင်း ဖြစ် ပြီး စိစစ်တွေ့ရှိချက်အရ တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်းသည် ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်၊ ရွေးကောက်ပွဲ ပျက်ပြား စေရန် ဆောင်ရွက်ခြင်းဖြစ်၍ နောင်တွင် အဆိုပါ ပြစ်မှုမျိုး ကျူးလွန်မှု မရှိစေရေးအတွက် အရေးယူဆောင်ရွက်ရန် လိုအပ် သဖြင့် ညွှန်ကြားခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

UEC မှ အမှုဖွင့်လှစ် အရေးယူရန် ညွှန်ကြားထားသော်လည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အနေဖြင့် အရေးယူ ခြင်း မရှိသေးကြောင်း မြို့နယ်/ နယ်မြေ ရဲတပ်ဖွဲ့ စခန်းများ၏ အကြောင်းကြားချက်အရ သိရသည်ဟု UEC က ဆိုသည်။

ပုံ-၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်ရေတွက်နေကြစဉ်

နစက သတင်းထုတ်ပြန်ရေး အဖွဲ့မှ “ နောင်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွေမှာ မဲမသမာမှုများ၊ တရားမဲ့ ပြုကျင့် မှုများ မဖြစ်စေရေးအတွက် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများ၊ မဲဆန္ဒရှင်ပြည်သူများ၊ ပူးပေါင်းဆောင်ရွက်ကြရတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ ကော်မရှင်အဖွဲ့ခွဲ့ အသီးသီးတို့က အသိ၊ သတိနဲ့ လိုက်နာကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ် ထုတ်ပြန်ခြင်းသာ ဖြစ်ပါတယ်” ဟု ဆိုသည်။

တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်များနှင့် စပ်လျဉ်း၍ ရာဇသတ်ကြီး ပုဒ်မ ၁၇၁(ဃ)တွင် “ ရွေးကောက်ပွဲ၌ မဲတစ်ကြိမ်ပေးပြီးဖြစ်လျက်၊ ထိုရွေးကောက်ပွဲ၌ပင် မဲဆန္ဒအမှတ်အသားကို မိမိအမည်နှင့် တောင်းဆိုလျှင်၊ ထို့ပြင် ဆိုခဲ့ သော နည်းလမ်းတစ်ခုခုဖြင့် အခြားသူမဲပေးခြင်းကို အားပေးကူညီလျှင်၊ သို့တည်းမဟုတ် ထိုသို့ မဲပေးခြင်းကို ဖြစ်မြောက် စေလျှင်၊ သို့တည်းမဟုတ် ဖြစ်မြောက်စေရန် အားထုတ်လျှင် ထိုသူသည် ရွေးကောက်ပွဲတွင် သူတစ်ပါး အယောက်ဆောင် မှုကို ကျူးလွန်သည်” ဟူ၍ ပြဋ္ဌာန်းထားသည်ဟု ဆိုသည်။

ရာဇသတ်ကြီး ပုဒ်မ ၁၇၁(စ)၌ ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးမှုကို၊ သို့တည်းမဟုတ် သူတစ်ပါး အယောင်ဆောင်မှုကို ကျူးလွန်လျှင်၊ ထိုသူကို တစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟု ပြဋ္ဌာန်းထားကြောင်း UEC ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ထို့အတွက်ကြောင့် သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်များကို သက်ဆိုင်ရာ တရားရုံးများတွင် ရာဇသတ်ကြီးပုဒ်မ ၁၇၁-ဃဖြင့် တရားစွဲဆို ဆောင်ရွက်သွားရန် အကြောင်းကြားထားသည်။