CNI International News
ဘန်ကောက်၊အောက်တိုဘာ ၂၈
ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်းပြည်နယ်တစ်ခုတွင် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း၌ ဆေးခြောက် ၁၈၂၄ ကီလိုဂရမ် လက်ဝယ်တွေ့ရှိသူ ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ ရဲမှူးကြီး ဆွမ်ပရာဆောင်ယန်သမ်က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။
မစ်ထရာပက်အဝေးပြေးလမ်းမတလျှောက် ကွန်ကန့်မြို့မှ နခွန်ရတ်ချ်စီမာသို့ ပို့ဆောင်ရန် အဆင့်ဆင့် ထုပ်ပိုး ထားသော ဆေးခြောက်အမြောက်အမြားကို သတင်းအရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ယခုဖမ်းဆီးမှု၌ လမ်းကြောင်းတလျှောက် ရဲတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားပြီး ကြားဖြတ်တားဆီးစစ်ဆေးခဲ့သည်။ ယင်းနေ့ အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များသည် စီဒါနှင့် နန်ဒွန်းခရိုင်အကြား မောင်းနှင်လာသည့် ဗင် အမျိုးအစား မော်တော်ယာဉ် ၃ စီးကို ရပ်တန့်ရှာဖွေခဲ့သည်။ ရှေ့ဆုံးမှ ယာဉ်သည် ထိုင်းမီဒီယာအဖွဲ့အစည်းတစ်ခု၏ စတစ်ကာ ကပ်ထားပြီး လမ်းပြအဖြစ် မောင်းနှင်လာခြင်းဖြစ်သည်။ ယင်းနောက်မှ လိုက်ပါလာသော ယာဉ်နှစ်စီးထဲတွင် ဘတ်ငွေသန်း ၁၁၀ တန်ဖိုးရှိ စုစုပေါင်းဆေးခြောက်အထုပ် ၁၈၂၄ ကီလိုဂရမ်ကို တွေ့ရှိခဲ့ရကြောင်း ရဲမှူးကြီး ဆွမ်ပရာဆောင်ယန်သမ်က ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါမော်တော်ယာဉ်ထဲတွင် လိုက်ပါစီးနင်းလာကြသည့် အသက် ၃၉ နှစ်ရှိ တချာကွန်ပူနန်ဂရန်စီ၊ အသက် ၃၂ နှစ်ရှိ တဝီဝပ်သဝမ်နူဝမ်၊ အသက် ၂၇ နှစ်ရှိ ဗာရစ်ပွန်ပေါင်နှင့် အသက် ၂၄ နှစ်ရှိ ဗီတာဗက်ရီကောတို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
၎င်းဆေးခြောက်များကို ထိုင်းအရှေ့မြောက်ပြည်နယ်မှ ဘန်ကောက်သို့ ပို့ဆောင်ရန် ဝန်ဆောင်ခ ဘတ်ငွေ ၅ သောင်း ရရှိကြောင်း ဖမ်းဆီးထားသူများက ထွက်ဆိုကြသည်။ ဘန်ကောက်သို့ ၎င်းဆေးခြောက်များ ရောက်ရှိ လျှင် ထိုင်းတောင်ပိုင်းသို့ ဆက်လက်ပေးပို့မည်ဟု သိရသည်။
ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးရောင်းချရန် ရည်ရွယ်ချက်ဖြင့် လက်ဝယ်ထားရှိမှုဖြင့် ဆက်လက်တရားစွဲ သွားမည်ဟု ဘန်ကောက်ပို့စ်က ရေးသားထားသည်။