မနီလာ၊ အောက်တိုဘာ ၂၈
မြန်မာနိုင်ငံမှ ပြည်တွင်းပဋိပက္ခများ ပြင်းထန်လာနေခြင်းအပေါ် ကိုင်တွယ်ဖြေရှင်းရေးအတွက် အရှေ့တောင်အာရှနိုင်ငံများ အသင်း(အာဆီယံ)အနေဖြင့် ပြသနိုင်ရမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားခဲ့ကြောင်း Manila Bulletin သတင်း ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြသည်။
“မြန်မာနိုင်ငံမှာ တိုးတက်မှုမရှိတာက အာဆီယံအပေါ် ယုံကြည်ကိုးစားမှုအနေနဲ့ မေးထုတ်စရာ ဖြစ်စေပါတယ်။ ကျနော်တို့ စုပေါင်းတုံ့ပြန်ပုံက အာဆီယံရဲ့ ဆက်စပ်မှုကို အတည်ပြုပေးပါလိမ့်မယ်။ ဒါမှမဟုတ်ရင် ကျနော်တို့ မစွမ်းဆောင်နိုင်ရာ ကျပါ လိမ့်မယ်” ဟု ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး စတင်ကျင်းပသည့် အောက်တိုဘာ ၂၆ ရက်တွင် ဒူတာတေး က ပြောကြားခဲ့သည်။
“အာဆီယံသည် စုဝေး စကားစမြည် ပြောဆိုကြရာ ဆိုင်တစ်ဆိုင်အဆင့် မဟုတ်ကြောင်း သက်သေပြရန် မိမိတို့အပေါ် မူတည်သည်”ဟု အသက် ၅၄ နှစ်ရှိ ဖိလစ်ပိုင်သမ္မတက အစုအဖွဲ့အလိုက် ရင်းနှီးသော ဝေဖန်သံများကို ထင်ဟပ်ရင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် လက်ရှိ ကျင်းပနေသည့် အာဆီယံထိပ်သီး အစည်းအဝေးများတွင် မပါဝင်ခဲ့ဘဲ အရပ်သား အများအပြား အသက်ဆုံးရှုံးခဲ့ရသည့် စိုးရိမ်စရာတိုက်ပွဲများကြားတွင် တည်ရှိနေသည်။
ပုံ-၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်ထိ ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးကို တွေ့ရစဉ်။
“အာဆီယံကို တကမ္ဘာလုံးက စောင့်ကြည့်နေပါတယ်။ အာဆီယံမိသားစုအဖွဲ့ဝင် နိုင်ငံတချို့ကို ပိတ်ဆို့အရေးယူမှုတွေ ကြေညာချက်ထုတ်တဲ့ နိုင်ငံတွေလည်း ရှိနေပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ သက်ရောက်မှုတွေကို ပိုဆိုးသွားစေမှာ အထူးစိုးရိမ်မိပါတယ်” ဟု ဒူတာတေးက ဆက်လက်ပြောကြားခဲ့သည်။
အာဆီယံနှင့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အစိတ်အပိုင်း အားလုံး ကို ဖိလစ်ပိုင်အနေဖြင့် တိုက်တွန်းပါကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
“နောက်တစ်ချက်က ကျနော်တို့ဟာ အာဆီယံမိသားစုတစ်စုပါ။ ကျနော်တို့အချင်းချင်း ယုံကြည်လို့မရရင် မြန်မာကို တခြား ဘယ်သူက ယုံကြည်ပြီး လာအလုပ်လုပ်နိုင်မှာလဲ” ဟု ၎င်းက ထောက်ပြခဲ့သည်။
“ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေ အာရုံစိုက်နေချိန်မှာ၊ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်သူတွေရဲ့ အကျိုး စီးပွားကို ဦးစားပေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ မြန်မာနိုင်ငံနဲ့အတူ ကျနော်တို့ ရပ်တည်ရမှာဖြစ်ပါတယ်” ဟု ဒူတာတေးက အလေး အနက် ပြောကြားခဲ့သည်။
ဒူတာတေးသည် ဗီဒီယိုကွန်ဖရင့်မှ တဆင့် ၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံအစည်းအဝေးများသို့ တက်ရောက်နေဆဲ ဖြစ်သည်။ ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အဆိုပါ အစည်းအဝေးများကို အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိသည်။