CNI International News
ဘေဂျင်း၊ အောက်တိုဘာ ၂၈
ဘေဂျင်းအပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ နောက်ဆုံး ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် တင်းမာမှု ကြီးထွားလာနေ သည့် ထိုင်ဝမ်ကျွန်းအရေးကိစ္စတွင် ထိုင်ဝမ်အနေဖြင့် ကုလသမဂ္ဂနှင့်ပူးပေါင်းပိုင်ခွင့် မရှိကြောင်း တရုတ်က အောက်တိုဘာ ၂၇ ရက်တွင် အခိုင်အမာ သတိပေးလိုက်သည်။
ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်လျက် တရုတ်၏ အကြပ်ကိုင်မှုများအပေါ် များစွာစိုးရိမ်မကင်း ဖြစ်မိကြောင်း တရုတ် ဝန်ကြီးချုပ် လီခဲ့ချန် အပါအဝင် ဒေသတွင်း ခေါင်းဆောင်များ ရှေ့မှောက်၌ ဘိုင်ဒန်က ပြစ်တင်ဝေဖန်ခဲ့သည်။
တရုတ်၏ လုပ်ရပ်များသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေကြောင်း ဘိုင်ဒန်က ပြောကြားခဲ့ သည်ဟု AFP မှ ရရှိသော ၎င်း၏ မိန့်ခွန်းမှတ်တမ်းများအရ သိရသည်။
ဘိုင်ဒန်၏ သဘောထား မှတ်ချက်များသည် ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်နိုင်ငံကြား ကာလရှည်ကြာ ထိပ်တိုက်တွေ့ဆုံမှု၌ ဝါရှင်တန်က ဘေဂျင်းကို ရည်ရွယ်သည့် နောက်ဆုံး ထွက်ပေါက်တစ်ခုဟု အေအက်ဖ်ပီက ဆက်လက်ရေးသားသည်။
ပုံ-ထိုင်ဝမ်အလံနဲ့အတူ ဒေသတွင်း အခြေအနေကိုတွေ့ရစဉ်။
ဘေဂျင်းကို ကုလသမဂ္ဂအတွင်း နေရာပေးရန် ဆုံးဖြတ်ခဲ့သည့် နှစ် ၅၀ ပြည့်နှစ် အထိမ်းအမှတ်နှင့် တိုက်ဆိုင်နေချိန်၌ “ထိုင်ဝမ်ကို ကမ္ဘာ့ဇာတ်ခုံထဲတွင် ချန်လှပ်ထားခဲ့မိသည့်အတွက် နောင်တရမိကြောင်း” အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
“ကုလသမဂ္ဂမှာ ထိုင်ဝမ်ရဲ့ အဓိပ္ပါယ်ကျကျ ပါဝင်မှုက နိုင်ငံရေးပြဿနာ မဟုတ်ပေမယ့် လက်တွေ့ကျတဲ့ ကိစ္စတစ်ခုပါ” ဟု ဘလင်ကင်က မှတ်ချက်ချခဲ့သည်။
“ဒါပေမယ့် ထိုင်ဝမ်ဟာ ခိုင်မာပြီး အဓိပ္ပါယ်ပြည့်ဝစွာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပူးပေါင်းပါဝင်နိုင်ဖို့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးကို ကျနော်တို့ တိုက်တွန်းပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တရုတ်ပြည်တွင်းစစ်၌ ကွန်မြူနစ်များကို စစ်ရှုံး၍ အမျိုးသားအင်အားစုများ ထွက်ပြေးခိုလှုံခဲ့သည့် ထိုင်ဝမ်ကျွန်းကို တရုတ်က ၎င်း၏ ပြည်နယ် အစိတ် အပိုင်းဟုသာ သတ်မှတ်ထားသည်။ ထို့နောက် လိုအပ်ပါက အင်အားသုံးပြီး ပြည်မကြီးနှင့် ပြန်လည် ပေါင်းစည်းရန် ကြိုးပမ်းမှုတစ်ခုလုပ်ဖို့ အသင့်စောင့်ဆိုင်းနေသည်။
ထိုင်ဝမ်အစိုးရ ကမ္ဘာ့သံတမန်စင်မြင့်တွင် မရှိစေရဟု အလေးပေးဖော်ပြသည့် ဘေဂျင်းက ၎င်းတို့၏ ရပ်တည်ချက်ကို ယခု အခါ အတိအလင်း ပြသလာသည်။တစ်ဖက်မှာလည်း ဘလင်ကင်၏ ပြောကြားချက်ကို တရုတ်က တုံ့ပြန်လာခဲ့သည်။
ထိုင်ဝမ်သည် ကုလသမဂ္ဂတွင် ပါဝင်ခွင့်မရှိကြောင်း ဘေဂျင်းရှိ ထိုင်ဝမ်ရေးရာရုံးမှပြောခွင့်ရသူ မားရှီဂေါင်က သတင်း ထောက်များကို ပြောကြားခဲ့သည်။