CNI International News

ဘရာဇီလျံ၊အောက်တိုဘာ ၂၈

သမ္မတအပေါ် ရာဇဝတ်မှုဆိုင်ရာစွဲချက်တွေကို ဘရာဇီးအထက်လွှတ်တော်က အောက်တိုဘာ ၂၆ ရက်တွင် အတည်ပြုလိုက်ကြောင်း အေပီသတင်းကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကိုင်တွယ်မှုနှင့် ပတ်သက်သည့် ရာဇဝတ်မှု ၉ မှုအတွက် သမ္မတဂျိုင်ယာဘိုဆိုနာရိုအပေါ် စွဲချက်တင်ဖို့ တောင်းဆိုထားသော အစီရင်ခံစာကို ဘရာဇီးအထက်လွှတ်တော်၏ စုံစမ်းစစ်ဆေးရေးကော်မတီက အတည်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း အေပီက ဆက်လက်ရေးသားသည်။

စာမျက်နှာ ၁၃၀၀ ကျော် ရှည်လျားသည့် အဆိုပါအစီရင်ခံစာတွင် သမ္မတအနေဖြင့် အတိုက်အခံများကို ထိန်းချုပ်သည့်ကော်မတီကို ပြင်ဆင်ဖို့ ၆ လခန့် အချိန်ယူခဲ့ကြောင်း၊ ထို့အပြင် လူပေါင်း ၇၇ ဦးနှင့် ကုမ္ပဏီ လုပ်ငန်း ၂ ခုအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း စွပ်စွဲရေးသားထားသည်။

ယခင်သီတင်းပတ်က ထွက်ပေါ်ခဲ့သော အဆိုပါအစီရင်ခံစာမူကြမ်းအဆင့်အတွင် သမ္မတ ဂျိုင်ယာဘိုဆိုနာရိုကို လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသတ်မှုများအတွက် စွဲချက်တင်ရန်အထိ တောင်းဆိုရေးသားထားသော်လည်း နောက်ပိုင်းတွင် လွှတ်တော်အမတ်များက နည်းပညာဆိုင်ရာအကြောင်းပြချက်များကြောင့် အဆိုပါ အထူး စွဲချက်အချို့ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။ စွဲချက်တင်ရာတွင် နောက်ထပ်ပါဝင်သင့်သည့် လူပုဂ္ဂိုလ် ၁၀ ဦး ကိုလည်း ထည့်သွင်းရန် ၎င်းတို့က ဆက်လက်ဆုံးဖြတ်ခဲ့သည်။

နောက်ထပ်ပါဝင်လာသူစာရင်းအနက် အမေဇုန်အတွင်းပိုင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဝီလဆင်လိုင်မာလည်း ထည့်သွင်းထားသည်။ ဝီလင်ဆင်လိုင်မာသည် ယခုနှစ်အစောပိုင်းက ဆေးရုံ၌ အောက်ဆီဂျင် ပြတ်လပ်မှု များကြောင့် လူအများသေဆုံးခဲ့ရခြင်းအပေါ် တာဝန်မကင်းသဖြင့် ထည့်သွင်းခံရခြင်းဖြစ်သည်။

၎င်း၏ ပြည်နယ်အစိုးရသည်လည်း လက်ရှိကာလ၌ ဆေးပစ္စည်းကိရိယာများ ဝယ်ယူရေးဆိုင်ရာ အကျင့်ပျက် ခြစားမှုစွဲချက်များကြောင့် ဖက်ဒရယ်(ပြည်ထောင်စု)ရေးရာ စစ်ဆေးမှုလည်း ခံယူနေရသည်။

“ဂျိုင်ယာဘိုဆိုနာရိုအစိုးရလက်ထက် မတည်ငြိမ်မှုများသည် လူမှုခိုကိုးရာမဲ့ဘဝ၏ အနိမ့်ဆုံးအဆင့်အဖြစ် သမိုင်းတွင် သွားမည်ဖြစ်ကြောင်း” ဘရာဇီးဆီးနိတ်လွှတ်တော်အမတ် ရီနန်ကယ်ဟီးရို့စ်က ပြောကြားခဲ့ပြီး သမ္မတကို အဒေါ့ဖ်ဟစ်တလာနှင့် ဩဂတ်စတိုပီနိုချေးတို့နှင့် ခိုင်းနှိုင်းခဲ့သည်။ (အဒေါ့ဖ်ဟစ်တလာသည် ဂျာမန်ဖက်ဆစ်အာဏာရှင်ဖြစ်ပြီး ဗိုလ်ချုပ်ကြီး ဩဂတ်စတိုပီနိုချေးသည် ချီလီနိုင်ငံတွင် ၁၉၇၃ ခုနှစ် စစ်အာဏာသိမ်းမှု ဦးဆောင်ခဲ့သော အာဏာရှင်ဖြစ်သည်)

အထက်ပါသတင်းနှင့်ပတ်သက်၍ ဘရာဇီးသမ္မတရုံးသို့ ကမ္ဘာ့မီဒီယာအချို့က သဘောထားမှတ်ချက်ပေးရန် တောင်းခံခဲ့သော်လည်း ချက်ချင်းတုံ့ပြန်ခြင်းမရှိပါ။