CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရန် ရှမ်းတပ်နှစ်တပ်ဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ကို သျှမ်းပြည်သံဃာနှင့် ပြည်သူငြိမ်းချမ်းရေး ပူး ပေါင်း ဆောင်ရွက်ရေးကော်မတီက အောက်တိုဘာ ၂၇ ရက်တွင် တောင်းဆိုခဲ့သည်။

RCSS နှင့် SSPP တို့ တိုက်ပွဲသာမက ၎င်းတို့၏ မဟာမိတ်များ ပါဝင်လာကြ၍ လူသူလက်နက်အင်အား အဆမတန် ကြီးထွားလာပြီး အဘက်ဘက်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြင်းထန်လာကြောင်း ဆိုထားသည်။

သျှမ်းပြည်သံဃာနှင့်ပြည်သူငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းခမ်းအောင်က တိုက်ပွဲ များ ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်နှင့် နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ခဲ့ကြသည့် ပြည်သူများ နေရပ်ပြန် နိုင်ရေးနှင့် ပြန်လည်ပြုစုပျိုးထောင်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း ဆိုသည်။

စိုင်းခမ်းအောင်က “အဓိက ထိခိုက်နစ်နာနေတာကတော့ အောက်ခြေပြည်သူလူထု၊ ရပ်ရွာမှာနေတဲ့ ပြည်သူလူထုတွေကိုက ပိုပြီးထိခိုက်တာ ရှိတယ်။ ပြီးတော့ တိုင်းရင်းသား လက် နက်ကိုင်အချင်းချင်း ဟိုဘက်သေရင်လည်း ကိုယ့်လူပဲ၊ ဒီဘက်သေ ရင်လည်း ကိုယ့်လူပဲ၊ ရှမ်းပြည်သားတွေပဲဆိုတော့ ကျနော်တို့က ရှမ်းပြည်မှာ နစ်နာတာ သာမက ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးတယ်လို့ ကျနော်တို့တော့ ခြုံငုံပြီး သုံးသပ်တာပေါ့” ဟု CNI သတင်းဌာနသို့ ပြော သည်။

အဆိုပါ တိုက်ပွဲများကြောင့် ပြည်သူနှင့် ရဟန်းသံဃာများ ကျန်းမာရေး ပြုစုစောင့်ရှောက်ခွင့် မရရှိခြင်း၊ ပြည်သူများ၏ အိုးအိမ်များ မီးရှို့ခံရခြင်း၊ ဘာသာရေး အဆောက်အဦများ ထိပါးခြင်း၊ ရဟန်းသံဃာများပါ စစ်ဘေးတိမ်းရှောင်နေရခြင်း စသည်များ ခံစားနေရကြောင်း ဆိုသည်။

၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲရှောင်များ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တွင် လူဦးရေ ၂၅၅၇ ဦးနှင့် မိုင်းကိုင်မြို့နယ်နှင့် ကျေးသီးမြို့နယ်တွင် ၇၀၀၀ ခန့်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RCSS အနေဖြင့် စစ်အင်အားများ စုဆောင်းပြီး ထိုးစစ်ဆင်နေသမျှ တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်ကြောင်း SSPP က ပြောဆို ခဲ့သလို RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းခမ်းစံကလည်း လတ်တလော တွေ့ဆုံဆွေးနွေးရေး ရပ်တန့်နေပြီး RCSS ကို တောင်ပိုင်းသို့ ဆုတ်ရန် ပြောဆိုချက်မှာ မဖြစ်နိုင်ကြောင်း အောက်တိုဘာ ၁၄ ရက်က CNI သတင်းဌာနသို့ ပြောကြားခဲ့ သည်။

RCSS သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင်ဖြစ်ပြီး SSPP ကမူ NCA မထိုးရသေးဘဲ ထိုးနိုင်ရေးဆွေးနွေးနေဆဲ ရှမ်းလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

RCSS နှင့် SSPP တို့သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ္မတူ၊ နောင်ချို စသည့် မြို့နယ်များအတွင်း နယ်မြေအငြင်းပွား၍ တိုက်ပွဲများ ယနေ့ချိန်ထိ မကြာခဏ ဖြစ်ပွား လျက်ရှိနေသည်။