ဘန်ကောက်၊ အောက်တိုဘာ ၂၈
ဂျပန်နိုင်ငံတွင် ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်ပွားခဲ့သော်လည်း အောက်တိုဘာ ၂၇ ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ အာဆီယံ-ဂျပန် ဆက်ဆံရေးသည် နီးကပ်သည့် ဆက်ဆံရေး ကောင်းတစ်ရပ်ကို ထူထောင်ထားနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောသည်။
တိုကျိုနှင့် မိမိတို့အစုအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေသည့် အာဆီယံရည်ရွယ်ချက်ကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အောက်တိုဘာ ၂၇ ရက်တွင် ထပ် လောင်း အတည်ပြုခဲ့ကြောင်း ဘန်ကောက်ပို့စ် ဝက်ဘ်ဆိုက်မှာ ရေးသားဖော်ပြထားသည်။
ထိုင်းနိုင်ငံကို အာဆီယံ-ဂျပန် ဆက်ဆံရေးအတွက် ညှိနှိုင်းရေးမှူးအဆင့် သတ်မှတ်ထားရာ ၂၅ ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီး အစည်းအဝေးတွင် အာဆီယံမိသားစုထံသို့ ရောက်ရှိလာသည့် ဂျပန်ဝန်ကြီးချုပ် ဖူမီကိုကီရှီဒါအား ဗိုလ်ချုပ်ကြီး ပရာယွတ်က ကြိုဆိုခဲ့သည်။
ယခုနှစ် တိုကျိုအိုလံပစ်နှင့် မသန်စွမ်း အားကစားပြိုင်ပွဲများ အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည့် ဂျပန်နိုင်ငံကို ချီးကျူး ဂုဏ်ပြုပါကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။
ပုံ-ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကိုတွေ့ရစဉ်။
အောက်တိုဘာ ၂၇ ရက်က တွေ့ဆုံမှုသည် နှစ်ဘက်စလုံးအတွက် ကောင်းမွန်သည့် အခွင့်အလမ်းဖြစ်ကြောင်း ပရာယွတ်က ဆက်လက် ပြောကြားခဲ့သည်။ မကြာသေးမီက အာဆီယံ-ဂျပန် မိတ်ဖက်ဆက်ဆံရေး ဆက်လက်တိုးတက်အောင် လုပ် ဆောင်ရန် အမြင်ချင်း ဖလှယ်၍ ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် အာဆီယံ ဘုံသဘောတူညီချက်ကို အသိပေး ကြေ ညာ ခဲ့သည်။
“အာဆီယံနှင့် ဂျပန်တို့သည် အပြန်အလှန် ယုံကြည်မှု၊ နှလုံးသားချင်းတူညီသည့် မိတ်ဖက်ဆက်ဆံမှုအပေါ် အခြေခံလျက် ဆယ်စုနှစ် ၅ ခုနီးပါး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုတို့ကို ပြုစုပျိုးထောင်ခဲ့ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ ကြွယ်ဝမှု မျှဝေရေးနှင့် ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ရန် ဂျပန်နိုင်ငံ၏ ကတိ ကဝတ်အပေါ် ကျေးဇူးတင်ပါကြောင်း” ဗိုလ်ချုပ်ကြီး ပရာယွတ်က ထည့်သွင်း ပြောကြားခဲ့သည်။
ဒေသတွင်း ဗိသုကာနှင့် နယ်ပယ်အသီးသီးကို ဗဟိုပြု၍ အာဆီယံအနေဖြင့် ဦးဆောင်မှုပေးနေရသည့် ယန္တရား အစိတ်အပိုင်း များအတွက် ဂျပန်နိုင်ငံ၏ ဆက်လက် ပံ့ပိုးကူညီနေမှုများကို အာဆီယံဘက်မှ တန်ဖိုးထားပါကြောင်း ၎င်းက မှတ်ချက်ချခဲ့ သည်။
ထိုနေ့ တစ်ရက်တည်းမှာပင် ဗိုလ်ချုပ်ကြီး ပရာယွက်သည် ပထမအကြိမ် အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေးကို ဗီဒီယို ကွန်ဖရင့်မှ တဆင့် တက်ရောက်ခဲ့သည်။