နယူးယောက်၊ အောက်တိုဘာ ၂၆

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်သစ်အဖြစ် စင်ကာပူလူမှုဗေဒပညာရှင် နိုလင်းဟေဇာကို ခန့်အပ်လိုက်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အောက်တိုဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်ဟု Channel News Asia ဝက်ဘ်ဆိုက်၌ ရေးသားဖော်ပြထားသည်။

၎င်းသည် ယခင် သံတမန်ဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံသူ မစ္စစ် ခရစ္စတင်း ရှရနာ ဘာဂနာ၏ နေရာတွင် အစားထိုး တာဝန် ထမ်းဆောင် သွားမည်ဖြစ်သည်။

အသက် ၇၃ နှစ်အရွယ်ရှိ ဟေဇာသည် ကုလသမဂ္ဂတွင် အဆင့်မြင့် ရာထူးအမျိုးမျိုး ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့်လူမှုရေးကော်မရှင်၏ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အရှေ့တီမောနိုင်ငံအတွက် ကုလသမဂ္ဂ အထူးအကြံပေးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

စီးပွားရေးနှင့်လူမှုရေးကော်မရှင် တာဝန်ယူခဲ့စဉ်က ၎င်းဆောင်ရွက်ချက်၏ တစ်စိတ်တပိုင်း အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ)နှင့် ဖွံ့ဖြိုးရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေးတို့အတွက် ယခင် မြန်မာအာဏာပိုင် (ဝန်ကြီးချုပ်နှင့် သမ္မတအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးသိန်းစိန်အစိုးရ)များနှင့် နီးကပ်စွာ လုပ်ကိုင်ခဲ့ဖူးသည်။

ပုံ - ယခင် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှရနာဘာဂနာနှင့် ကုလအတွင်းရေးမှူးချုပ်ကိုတွေ့ရစဉ်။

ကုလသမဂ္ဂတာဝန်များ ၃ နှစ်တာ ထမ်းဆောင်ခဲ့သူ မစ္စစ် ဘာဂနာနှင့် ပြီးခဲ့သည့် ဩဂုတ်လက အာဆီယံ သံတမန်အဖြစ် ခန့်အပ်ခံရသူ ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရီဝမ်ယူဆွတ်တို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိပေ။

ယခုမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်ခံရသည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိကြောင်း မစ္စစ်ဟေဇာက ပြောကြားခဲ့သည်။

“လာမယ့် ဒီဇင်ဘာ ၁၃ ရက်မှာ ကျမ ဒီတာဝန်ကို စတင်ထမ်းဆောင်မှာဖြစ်သလို မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ ပိုမို ကောင်းမွန်တဲ့ အနာဂတ်အတွက်တိုင်းပြည်အတွက် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အဖြေရှာရေး ရည်ရွယ်ချက်နဲ့ သက်ဆိုင်သူ အားလုံးရဲ့ အမြင်တွေကို နားထောင်နိုင်ဖို့ မျှော်လင့်ပါတယ်”ဟု မစ္စစ်ဟေဇာက ပြောကြားခဲ့သည်။