၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၆
အာဆီယံနိုင်ငံ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)အနေဖြင့် မတက်ရောက်ခြင်းက နစကအတွက် အကျိုးယုတ်ရန် မရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါ၀င်နေသူ ဦးခွန်းဆိုင်က ပြောသည်။
“ဒါကတော့ လူတိုင်းသိတဲ့ဟာပဲ ကိုယ့်ကိုယ် မဖိတ်တဲ့ပွဲကို ဝင်သွားလို့ရှိရင် အဲပွဲက လူတွေက ကိုယ့်ကိုယ် ငြိုငြင် မယ်ဆိုတာ ကိုယ်ကသိမှာပေါ့။ ငြိုငြင်ပြီဆိုလို့ရှိရင်လည်း နောက် ပိုင်းဆက်ဆံရေးတွေက ကောင်းလာဖို့ မရှိဘူးပေါ့ ဗျာ။ တကယ်လို့ ကိုယ့်ကိုယ်မဖိတ်လို့ မသွားဘူးဆိုရင် ဖာသိဖာသာနေတယ်ဆိုရင် ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ် နေတာဆိုရင် နောက်ပိုင်း ကိုယ်လုပ်တာကို ကြည့်ပြီးတော့မှ ဒီလူဖိတ်ဖို့ ကောင်းပါတယ်ဆိုပြီး ဖိတ်လာနိုင်တယ်” ဟု ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
အာဆီယံထိပ်သီးအစည်းအဝေးများကို ယနေ့ နံနက်ပိုင်းတွင် စတင်နေပြီဖြစ်ပြီး ယင်းအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခြင်း မရှိကြောင်း သိရသည်။
အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးချမ်းအေးကို ဖိတ်ကြားလာသော် လည်း တက်ရောက်ခြင်း မရှိပေ။
အာဆီယံအနေဖြင့် နိုင်ငံတကာဖိအားများ၊ ဒေသတွင်းဖိအားများကြောင့် အာဆီယံပဋိညာဉ်များ ကတိကဝတ် များကို ဥပေက္ခာပြုကာ လုပ်လိုက်သည်ဟု မြင်မိကြောင်ရခိုင် ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဟောင်း ဦးဖေသန်းက CNI သို့ ပြောသည်။
“ဟိုဘက်က စဉ်းစားကြည့်မယ်ဆိုရင်လည်း အာဆီယံကို ဗဟိုပြုပြီးတော့ တခြား US၊ UNတို့ သူတို့က ဝန်းရံ ပေးတယ်။ ဗဟိုပြုပြီးတော့ လှုပ်ရှားနေတဲ့ သဘောရှိတယ်။ အာဆီယံရဲ့ဆုံးဖြတ်ချက်တွေကို သူတို့က ပံ့ပိုးတဲ့ သဘောရှိတယ်။ အာဆီယံကလည်း နိုင်ငံတကာဖိအားတွေ၊ဒေသတွင်း ဖိအားတွေကြောင့် သူ့အပေါ်မှာလည်း နဂို ပဋိညာဉ်ပေါ့ အာဆီယံပဋိညာဉ်ကို နောက်ချန်ထားပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တဲ့သဘောပေ့ါ။ အမှန်တကယ်ကျတော့ ဒီ အယူအဆနှစ်ခုကြားမှာ နိုင်ငံတကာရဲ့ဖိအားကို မလွန်ဆန်နိုင်တဲ့ အာဆီယံ သူတို့ရဲ့ ပဋိညာဉ်တွေကို လွဲချော်ပြီးတော့ ပဋိညာဉ်အတိုင်းမဟုတ်ဘဲနဲ့ သူတစ်ပါးရဲ့ပြည်တွင်းရေးကို ဝင်စွက်ဖက်ခွင့် မရှိတဲ့ ဆုံးဖြတ်ချက် ကတိကဝတ်တွေကို ဥပေက္ခာပြုပြီးတော့ လုပ်လိုက်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်” ဟု ဦးဖေသန်းက ဆိုသည်။
အများအားဖြင့် သံတမန်ကိစ္စ အားပြိုင်မှုမှာ ဒီမိုကရေစီဘက်တော်သားဘက်က ပို၍ အလေးသာနိုင်ကြောင်း၊ သို့သော်လည်း လက်ရှိတိုင်းပြည်ကို အုပ်ချုပ်ထားသည်မှာ နစက ဖြစ်နေကြောင်း၊ ထို့အတွက်ကြောင့် သံခင်း တမန်ခင်းကိစ္စများ အရေးနိမ့်လာပါက နိုင်ငံတကာတွင် အထီးကျန်ဖြစ်လာနိုင်ကြောင်း ဦးဖေသန်းက ဆက် ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံက နှုတ်ထွက်ကာ တံခါးပိတ်ဝါဒ ပြန်မကျင့်သုံးရန် လိုအပ်ပြီး ပြန်လည် ကျင့်သုံးခဲ့ပါက ယခု ဆိုးနေသည့် အဆိုးထက် ပိုမိုဆိုးဝါးလာနိုင်ကြောင်း ဦးခွန်းဆိုင်က ပြောသည်။
“အဲဒီလိုမဖြစ်ပါစေနဲ့လို့ ကျနော်လည်း ဆုတောင်းပါတယ်။ ဒီလိုမျိုး တံခါးပိတ်ဝါဒ ပြန်ကျင့်သုံးမယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံက အဆိုးကနေ ပိုဆိုးသွားနိုင်တာပေါ့။ ဒီလိုမျိုး မထွက်ဘူးဆိုရင်တော့ အခုဆိုးနေတဲ့ဟာက အကောင်းဖြစ်လာနိုင်တာပေါ့။ ကျနော်တို့ပြုထားတဲ့ မိတ်ဆွေတွေကို ရန်သူမဖြစ်ပါစေနဲ့။ ရန်သူကိုတောင်မှ မိတ်ဆွေဖြစ်ဖို့လိုတယ်” ဟု ဦးခွန်းဆိုင်က ဆိုသည်။
အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။