အစ္စတန်ဘူ၊ အောက်တိုဘာ ၂၆
အနောက်အုပ်စု ၁၀ နိုင်ငံမှ သံတမန်များကို နှင်ထုတ်ရန် ခြိမ်းခြောက်မှုအား အောက်တိုဘာ ၂၅ ရက်နှောင်းပိုင်းတွင် တူရကီ သမ္မတ အာဒိုဂန်က ပြန်လည်ရုပ်သိမ်းခဲ့ပြီး သံတမန်ရေးရာ အကျပ်အတည်းမှ ရှောင်လွှဲနိုင်ရန် ရည်ရွယ်ကြောင်း အေပီ သတင်း တစ်ပုဒ်တွင် တွေ့ရသည်။
“ဗီယင်နာကွန်ဗင်းရဲ့ အပိုဒ် ၄၁ ပါ ပြဋ္ဌာန်းထားတဲ့ ကတိကဝတ်တွေကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တဲ့ ဒီသံတမန်တွေဟာ ဟိုတစ်ပတ်က သူတို့ရဲ့ ထုတ်ပြန်ချက်ကို ပိုပြီးသတိထားမိလာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု အန်ကာရာမြို့၌ ၃ နာရီကြား အစိုးရအဖွဲ့ ကက်ဘိနက် အစည်းအဝေးအပြီး ရုပ်သံလိုင်းမှ သမ္မတက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က အမေရိကန်၊ ဂျာမနီနှင့်ပြင်သစ်တို့ အပါအဝင် တူရကီရောက် သံတမန်များသည် ပြည်တွင်း အကျဉ်းထောင်၌ ၄ နှစ်ကြာ အမှုရင်ဆိုင်နေရသော ပရဟတိသမား အိုစမန်ကာဗယ်လာကို ပြန်လွှတ်ပေးရန် ပူးတွဲ ကြေညာ ချက် ထုတ်ပြန်၍ တောင်းဆိုခဲ့သည့်အပေါ် တူရကီအစိုးရက မကျေမချမ်း ဖြစ်ခဲ့သည်။
အဆိုပါ ကြေညာချက်တွင် နယ်သာလန်၊ ကနေဒါ၊ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်၊ နော်ဝေနှင့် နယူးဇီလန်တို့မှ သံအမတ်ကြီးများ လည်း ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။
အောက်တိုဘာ ၂၅ ရက် ကက်ဘိနက် အစည်းအဝေး စတင်နေချိန်တွင် အန်ကာရာမြို့ရှိ တူရကီဆိုင်ရာ အမေရိကန်သံရုံးက ဗီယန်နာကွန်ဗင်းရှင်း ပုဒ်မ ၄၁ ပါ သံတမန်ဝတ္တရားများကို လေးစားလိုက်နာရန်နှင့် ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် အလေးပေးဖော်ပြမှုကို လိုက်နာကြောင်း တွစ်တာလူမှုကွန်ရက်သို့ ရေးသားလွှင့်တင်ခဲ့သည်။ အခြား သံတမန်များ ကလည်း အလားတူ သတင်းစကား(မတ်ဆေ့ချ်)သို့ အသီးသီးဖော်ပြခဲ့ကြသည်။
ပုံ-တူရကီနိုင်ငံသားများ ဆန္ဒပြနေစဉ်။ ( AP)
အာဒိုဂန်၏ ရုပ်သံလိုင်းမှ ပြောကြားချက်ကို အစိုးရပိုင် အန်နာဒိုလူ သတင်းဌာနက “ပြန်လည်ရုပ်သိမ်းခြင်းတစ်ရပ်” ဟု ဖော်ပြခဲ့သည်။ အာဒိုဂန်သည် အနောက်အုပ်စု သံတမန်များကို အပြုသဘောဖြင့် ဆက်လက် လက်ခံထားမည်ဟု ၎င်းသတင်း ဌာနက ဆက်လက်ဖော်ပြခဲ့သည်။
“အရင် ကျနော်တို့နိုင်ငံကို သူတို့စိတ်တိုင်းကျ ပုံဖော်ခဲ့ကြသူတွေဟာ အခု တူရကီအနေနဲ့ ကိုယ်ပိုင်ရပ်တည်လာနိုင်တဲ့ အချိန်မှာ အထိတ်တလန့် ဖြစ်သွားကြတာ” ဟု အာဒိုဂန်က ကက်ဘိနက် အစည်းဝေးအပြီးတွင် ပြောကြားခဲ့သည်။
အနောက်အုပ်စု သံတမန်များ၏ ကြေညာချက်သည် တူရကီ၏ ကိုယ်ပိုင် တရားစီရင်ရေးနှင့် အချုပ်အခြာအာဏာကို တိုက်ရိုက်ထိုးနှက်မှုအဖြစ် အာဒိုဂန်က မှတ်ယူခဲ့သည်။
“ကျနော့် ရည်ရွယ်ချက်က အကျပ်အတည်းတစ်ခုကို ဘယ်တော့မှ မဖန်တီးချင်ပါဘူး။ နိုင်ငံရဲ့ဂုဏ်သိက္ခာ ကာကွယ်ဖို့ အခုလို ကိုင်တွယ်တာဖြစ်ပါတယ်” ဟု သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
“ကျနော်တို့တိုင်းပြည်ရဲ့ လွတ်လပ်မှုနဲ့ တိုင်းသူပြည်သူတွေရဲ့ စိတ်ဓါတ်ကို မလေးစားတဲ့သူ ဘယ်သူမဆို၊ ဘာရာထူးပဲဖြစ်ဖြစ် ဒီနိုင်ငံမှာ ဆက်နေလို့ မရစေရဘူး” ဟု ၎င်းက ထပ် လောင်းပြောကြားခဲ့သည်။
ယခင်ရက်သတ္တပတ်က အာဒိုဂန်၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ ဖြေရှင်းချက် ထွက်ပေါ်လာရန် စောင့်နေသည့် ဝါရှင်တန်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ နက်ပရင့်စ်က ယခုဖြစ်စဉ်အပေါ် သဘောထား မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သော်လည်း တူရကီဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒေးဗစ်ဆက်တာဖီးလ်သည် တူရကီပြည် တွင်း၌ပင် ဆက် လက် ရှိနေဉီးမည်ဟု ၎င်းက ပြောကြားခဲ့သည်။