CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၆

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်အရေးတို့အတွက် မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အခြားသော ညီနောင်ပါတီများနှင့်အတူတ ကွ လက်တွဲဆောင်ရွက်သည့် သမိုင်းအစဉ်အလာကြီးသည့် ပါတီတစ်ရပ်ဖြစ်ကြောင်း NLD ပါတီ၏ သဝဏ်လွှာ မှာ ဖော်ပြထားသည်။

SNLD ပါတီသည် ၁၉၈၈ ခုနှစ်၊အောက်တိုဘာ ၂၆ ရက်နေ့တွင် ထူထောင်ခဲ့ရာ ယနေ့ (အောက်တိုဘာ ၂၆ ရက်)တွင် ပါတီထူထောင်မှု ၃၃ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

အဆိုပါ SNLD ပါတီ၏ ၃၃ နှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို NLD ပါတီက ပေးပို့ခဲ့ရာမှာ အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားထားခြင်း ဖြစ်သည်။

NLD ပါတီက “ယနေ့ အချိန်ခါသမယသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီထွန်းကားရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်လာရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နိုင်ရန် ရည်ရွယ်တည်ထောင်ခဲ့သည့် SNLD ၏ ၃၃ နှစ်ပြည့်မြောက် အချိန်ခါသမယဖြစ်ပါသည်”ဟု သဝဏ်လွှာမှာ ဆိုထားသည်။

ထို့နောက် ယနေ့ အချိန်အခါသမတွင် တိုင်းရင်းသား ပြည်သူများ မျှော်လင့်တောင့်တနေကြသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးအတွက် မိတ်ဖက်ပါတီများနှင့်အတူ မိမိတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုရင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အဓွန့် ရှည်ပါစေကြောင်း လေးနက်စွာ ဆန္ဒပြုလျက် သဝဏ်လွှာပေးပို့အပ်ပါသည်ဟု ဖော် ပြ ထားသည်။

SNLD ပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် တတိယ အများဆုံး အနိုင်ရသည့် ပါတီတစ်ခုဖြစ်သည်။

SNLD တွင် ဦးဆောင်ခဲ့ကြသည့် ခေါင်းဆောင်များဖြစ်သော ခွန်ထွန်းဦးနှင့် စိုင်းညွန့်လွင်တို့သည် ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေး စသည့် ကိစ္စရပ်များ ဆောင်ရွက်ခဲ့ရာမှာ နှစ်ရှည် ဖမ်းဆီး အကျဉ်းချခံခဲ့ရမှုများလည်း ကြုံတွေ့ခဲ့ကြရသည်။