CNI News
၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့ဝင် ၂၉ ဦးကို လက်နက် /ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက-က ယနေ့(အောက်တိုဘာ ၂၆ ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။


အဆိုပါ ဖမ်းဆီးရမိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာတွင် အရပ်သား တစ်ဦးကို သတ်ဖြတ်ခဲ့ခြင်း အပါအဝင် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးနှင့် အထက(၁)ကျောင်းတို့အား လက်လုပ်ဗုံးများ ဖြင့် ဖောက်ခွဲခဲ့သူများဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။


ဖမ်းဆီးခံရသူများမှာ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကြံခင်းမြို့နယ်၊ မြန်အောင်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ဇလွန်မြို့နယ် စသည့် မြို့နယ် ၅ မြို့နယ်အတွင်းမှ ဖြစ်ကြောင်းလည်း နစက-က ဆိုထားသည်။


ထို့နောက် အင်္ဂပူမြို့နယ်အတွင်းမှာ ဦးဝင်းနိုင်၊ မအိသက်ပိုင်၊ ဦးဌေးဝင်း၊ ကိုထူးထူးပိုင်၊ ကိုမြတ်စံ၊ ကိုချစ်ကိုကို(ခ)ချစ်ကို၊ ဦးမြင့်စိုး၊ ဦးဖိုးသာအောင်၊ ဦးဇော်မင်း၊ ဦးသေင်းလင်း၊ ကိုကောင်းမြတ်ထက်၊ ဦးလှသိန်း၊ ဒေါ်မြင့်မြင့်ဝင်း၊ ကိုနိုင်လင်း အောင်၊ မယွန်းအိအိအောင်(ခ)ယွန်းယွန်း၊ ကြံခင်းမြို့နယ်အတွင်း၌ ကိုအောင်ဇော်ဦး၊ ကိုသန့်ဇင်၊ ကိုဟိန်းထက်ကျော်၊ ကိုပိုင်ဇင်ဖြိုး(ခ)ပိုင်ကြီး၊ ဟင်္သာတမြို့နယ်အတွင်းတွင် မဇင်မာဝင်း(ခ)ဇင်မာ၊ မအိအိမွန် စသည်တို့ ဖြစ်ကြောင်း ထုတ်ပြန် ချက်မှာ ဖော်ပြထားသည်။


ထို့အပြင် မြန်အောင်မြို့နယ်အတွင်းမှာ ကိုကောင်းခန့်ကျော်၊ မသူသူအောင်ငြိမ်း၊ ကိုလင်းသိုက်အောင်(ခ)လင်းသိုက်၊ ဇလွန်မြို့နယ်အတွင်း၌ ကိုဇာနည်စုနိုင်၊ ကိုသန့်ဇော်၊ မဥမ္မာငြိမ်းချမ်းဦး၊ ကိုသီဟထွန်း၊ ဝေဝေအောင်တို့ ဖြစ်ကြကြောင်း နစက၏ ထုတ်ပြန်ချက်မှာဖော်ပြထားသည်။


ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျား ၂၁ ဦး၊ မ ၈ ဦး ပေါင်း ၂၉ ဦးဖြစ်ကြောင်း MK-19 ၁၁ လက်၊ M-22 ၈ လက်၊ M-16 ၃ လက်၊ ပစ္စတို ၁ လက်၊ လက်လုပ်သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၂၁၀၃ တောင့်၊ နင်းမိုင်းအသေး ၃ လုံး၊ နင်းမိုင်းအကြီး (ယမ်းမပါ)၁ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ ကျည်အိမ်မျိုးစုံ ၄၃ ခု၊ MK-12 လက်ကိုင် ၃ ခု၊ MI-12 ပြောင်း(အပို) ၁၁ ချောင်း၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၂၇ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။