၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၇

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ အာဆီယံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးနှင့် ပတ် သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး အာဆီယံကြိုးပမ်း အားထုတ်မှုအတွက် အမေရိကန်ပြည်ထောင်စုမှ ထောက်ခံ အားပေးကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။

သမ္မတ ဂျိုးဘိုင်ဒင်သည် အောက်တိုဘာ ၂၆ ရက်က စတင်ကျင်းပနေသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ယနေ့ (အောက်တိုဘာ ၂၇ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

သမ္မတဂျိုးဘိုင်ဒင် အာဆီယံနှင့် မိတ်ဖက် လက်တွဲဆောက်ရွက်မှု ပိုမို အားကောင်းစေရေး အမေရိကန်၏ ကတိကဝတ်နှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း အာဆီယံ၏ ဗဟိုအချက်အချာကျမှုကို ထပ်လောင်း အတည်ပြုခဲ့သလို အာဆီယံ၏ အမြင်ကို ချီးကျူးခဲ့သည်။

၎င်းက “မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီး ခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့်မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရန် တောင်းဆိုခဲ့ပါသည်။ သဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေး အာဆီယံ ကြိုးပမ်းအားထုတ်မှုအတွက် အမေရိကန်ပြည်ထောင်စုက ထောက်ခံ အားပေးသည့်အကြောင်းကိုလည်း သမ္မတကြီးက ထုတ်ဖော်ပြောကြားခဲ့ပါသည်” ဟု အမေရိကန် သံရုံး၏ ထုတ်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်အနေဖြင့် တဖြည်းဖြည်းနှင့် အင်အားကြီးထွားလာသည့် တရုတ်ကို ထိန်းချုပ်ရန်အတွက် အာဆီယံကို အသုံးချ နေကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဆိုသည်။

ပုံ-အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်ထိ ကျင်းပနေသည့် အာဆီယံထိပ်သီး အစည်းအဝေးကိုတွေ့ရစဉ်။

၎င်းက“အဓိက အမေရိကန်ရဲ့ ရည်ရွယ်ချက်က အင်အားကြီးထွားလာတဲ့ တရုတ်ကို ထိန်းချုပ်ဖို့ပေါ့။ အဲချိန်မှာ ကျနော်တို့ အာဆီယံအဖွဲ့က‌တော့ ဒီလိုမျိုး ထိန်းချုပ်ဖို့ ကစားတဲ့ က စားကွက်ဗျူဟာ တစ်ခုထဲမှာ ဝင်ညှပ်သွားတဲ့ သဘောတရားပဲ။ အဆိုးဆုံးအနေနဲ့ ပြောရရင်‌တော့ အာဆီယံဟာ အရင်တုန်းက တကယ့် ချမှတ်ထားတဲ့ စံနှုန်းပဋိညာဉ်တွေကို မလိုက် နာပဲ သွားမယ်ဆိုရင်‌တော့ အဆိုးဆုံး အနေနဲ့ အာဆီယံအဖွဲ့ ပျက်သွားနိုင်တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်က သဘောတူညီမှု ရရှိခဲ့သော အာဆီယံသဘောတူချက် ၅ ချက်တွင် သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်း စာနာထောက်ထားမှု ရရှိရေးနှင့် သွေးထွက်သံယိုမှုများ ရပ်တန့်ရေးတို့ ပါဝင်သည်။

အဆိုပါ အာဆီယံသဘောတူညီချက်ကို ကုလသမဂ္ဂ၊ တရုတ်နှင့် အမေရိကန်တို့က ထောက်ခံခဲ့ကြသည်။ အာဆီယံ သဘော တူညီချက်ကို နစက-က လိုက်နာရန် ပျက်ကွက်သည်ဟု အာဆီယံအဖွဲ့ဝင်အချို့က ထုတ်ပြောလာခဲ့ကြသည်။

ထို့နောက် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်း၀န် ဦးချမ်းအေးကိုသာ ဖိတ်ကြား ခဲ့ခြင်းကြောင့် နစက-က ဘက်ကလည်း အစည်းအဝေး မတက်ရန် ဆုံးဖြတ်ခဲ့သည်။

လက်ရှိ ကျင်းပနေသည့် အာဆီယံထိပ်သီး အစည်းအဝေးသည် အဖွဲ့၀င် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံကိုယ်စားလှယ်မပါဘဲ ကျင်းပနေခြင်းဖြစ်သည်။