ဝါရှင်တန်၊အောက်တိုဘာ ၂၇

နိုင်ငံ့လုံခြုံရေးအတွက် စိုးရိမ်မှုအကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံ၏အကြီးမားဆုံး တယ်လီကွန် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု၏ အမေရိကန်လိုင်စင်ကို ဝါရှင်တန်က ရုပ်သိမ်းလိုက်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်က အောက်တိုဘာ ၂၇ ရက်(ယနေ့)ရေးသားဖော်ပြသည်။

ယင်းသို့ ရုပ်သိမ်းရန် ဆုံးဖြတ်ချက်သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျနက်ယဲလ်လန် က ကမ္ဘာ့စီးပွားရေး အခြေအနေနှင့်ပတ်သက်၍ တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟဲ နှင့် ဆွေး နွေးပြီးနောက် နာရီပိုင်းအကြာမှာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းရုပ်သိမ်းမှုအရ အဆိုပါ တရုတ်တယ်လီကွန်ကုမ္ပဏီသည် အမေရိကန်နှင့်ဆက်စပ်သည့် ဝန်ဆောင်မှုများကို ရက်ပေါင်း ၆၀ အတွင်း ရပ်တန့်ရမည်ဖြစ်သည်။

၎င်းကုမ္ပဏီအနေဖြင့် တရုတ်အစိုးရ၏ထိန်းချုပ်မှုနှင့် မလွတ်ကင်းဘဲ ဝင်ရောက်နှောင့်ယှက်ခြင်း(သို့မဟုတ်) အမေရိကန်၏ ဆက်သွယ်ရေးကွန်ရက်ကို အလွဲသုံးစားလုပ်ရန် ခွင့်ပြုမှုများရှိခဲ့ကြောင်း ဝါရှင်တန် တာဝန်ရှိသူများက ပြောသည်။ သို့ဖြစ်၍ အမေရိကန်နိုင်ငံအပေါ် သူလျှိုလုပ်မှုနှင့် အခြားအန္တရာယ်များသော လှုပ်ရှားမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ဝါရှင်တန်က ဆက်ပြောသည်။

အမေရိကန်နိုင်ငံတွင် နှစ်ပေါင်း ၂၀ နီးပါး တယ်လီကွန်ဝန်ဆောင်မှုပေးခဲ့သည့် အဆိုပါ တရုတ်ကုမ္ပဏီက ယခုဝါရှင်တန်ဆုံးဖြတ်ချက်သည် စိတ်ပျက်စရာကောင်းကြောင်း တုံ့ပြန်ခဲ့သည်။

“ကျနော်တို့ ဖောက်သည်တွေကို အခုလို ဝန်ဆောင်မှု ဆက်ပေးနိုင်နေတုန်းမှာ ရရှိနိုင်တဲ့ ရွေးချယ်စရာအားလုံး သုံးနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းကုမ္ပဏီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တရုတ်တယ်လီကွန်လုပ်ငန်းသည် တရုတ်၏တယ်လီကွန်ဈေးကွက်ကို လွှမ်းမိုးထားသော ကုမ္ပဏီ ၃ ခု အနက်မှ တစ်ခုလည်းဖြစ်သည်။ ၎င်းသည်နိုင်ငံပေါင်း ၁၁၀ တွင် သုံးစွဲသူ သန်းနှင့်ချီ၍ရှိပြီး broadband အင်တာနက်မှ မိုဘိုင်းနှင့်ကြိုးဖုန်းကွန်ရက်များအထိ ဝန်ဆောင်မှုအများအပြား လုပ်ကိုင်နေသည်။

ယခု အပိတ်ခံရသော တရုတ်ကုမ္ပဏီသည် အမျိုးသားလုံခြုံရေးစိုးရိမ်မှုများကြောင့် အမေရိကန်၏ ပစ်မှတ် ထားခြင်းခံရသော တရုတ်ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည်။