ခါတွမ်း၊ အောက်တိုဘာ ၂၇
မကြာသေးမီက ရာထူးမှဖယ်ရှားခံရပြီး နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရသူ ဆူဒန်ဝန်ကြီးချုပ် အဗ္ဗဒူလာ ဟမ်းဒေါ့ကို အောက်တိုဘာ ၂၆ ရက်၌ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် ကို ကိုးကားလျက် အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။
ဆူဒန် ဗိုလ်ချုပ်ကြီး အေဘယ်ဖာတာအယ်ဘာဟန်၏ အာဏာသိမ်းမှုကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီးနောက် ဟမ်းဒေါ့နှင့် ၎င်း၏ဇနီးတို့ကို ပြန်လွှတ်ပေးလိုက်ခြင်းလည်းဖြစ်သည်။
အာဏာသိမ်းမှုသတင်း ကမ္ဘာတလွှားပျံ့နှံ့သွားခဲ့ရာ ဆူဒန်အပေါ် အကူအညီများကို အမေရိကန်က ဆိုင်းငံ့မည်ဟု ပြောကြားလိုက်သကဲ့သို့ ဥရောပသမဂ္ဂကလည်း အလားတူ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယခုနှစ်အတွင်း ကမ္ဘာတလွှားဖြစ်ပွားခဲ့သော အာဏာသိမ်းမှုများကို ကပ်ရောဂါတစ်မျိုး (epidemic of coups d’etat) ဟု ကင်ပွန်းတပ်ခဲ့ပြီး ယင်းအာဏာ သိမ်းကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများကို အတူလက်တွဲတွန်းလှန်ရေးနှင့် ဆူဒန်ဝန်ကြီးချုပ် ဟမ်းဒေါ့ပြန်လွှတ်ပေးရေး တိုက်တွန်းတောင်းဆိုခဲ့သည်။
ယခု ပြန်လွှတ်ပေးလိုက်ပြီဆိုသော်လည်း ဟမ်းဒေါ့နှင့်ဇနီးတို့သည် ဆူဒန်မြို့တော် ခါတွမ်းရှိ ၎င်းတို့နေအိမ်၌ လုံခြုံရေးထူထပ်စွာချထားသည့်အောက်တွင် ရှိနေကြောင်း၊ အာဏာ သိမ်းသည့်နံနက်ပိုင်းက အလားတူ အဖမ်းခံ ရသည့် အခြားအရပ်သားခေါင်းဆောင်များကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ဟမ်းဒေါ့ရုံး၏ ထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။
ဆူဒန်နိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှုအရှိန်အဟုန်နှင့် စစ်တပ်-အရပ်ဘက်ခေါင်းဆောင်များအကြား ရက်သတ္တပတ်များစွာ တင်းမာမှု ပိုမိုဆိုးရွားလာပြီးနောက် အာဏာ သိမ်းမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းမှုမတိုင်မီက ဗိုလ်ချုပ်ကြီးအယ်လ်ဘာဟန်သည် တိုင်းပြည်ကို လတ်တလောစီမံအုပ်ချုပ်နေသည့် အချုပ်အခြာအာဏာပိုင်ကောင်စီ၏ဦးဆောင်မှုကို လာမည့်နိုဝင် ဘာလတွင် လွှဲပေးရန်အစီအစဉ်ရှိနေခဲ့ပြီး ယင်း အစီအစဉ်သည် စစ်တပ်က အာဏာဆုတ်ကိုင်ထားမှု လျော့ကျစေမည့် ခြေလှမ်းလည်း
ဖြစ်သည်။
သို့သော် ယခုအာဏာသိမ်းမှုသည် ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို နှောင့်နှေးသွားစေရန် အံဝင်ခွင်ကျဖြစ်လာခဲ့ပြီး လူထုအုံကြွမှု စတင်ခြင်းမှာလည်း ပြီးခဲ့သည့် နှစ်နှစ်ခန့်က ယခင်ခေါင်းဆောင်ဟောင်း အိုမာအယ်လ်ဘာရှားကို ဖြုတ်ချပြီးကတည်းက ဖြစ်သည်။
အောက်တိုဘာ ၂၆ ရက်က ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများ လမ်းပေါ်သို့ ပြန်ထွက်လာပြီး မြို့တော်ရှိ လမ်းများကို ယာယီအတားအဆီးချခြင်းနှင့် မော်တော်ယာဉ်တာယာများ မီးရှို့ခြင်းများ ရှိခဲ့သည်။ ယင်းနေ့ လူစုလူဝေးအတွင်း စစ်တပ်က ပစ်ခတ်၍ ဆန္ဒပြသူလေးဦး သေဆုံးခဲ့ကြောင်း ခါတွမ်းဆေးရုံမှ
ဆရာဝန်များက ပြောကြသည်။
ယင်းဆန္ဒပြမှုသည် အယ်လ်ဘာဟန် အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် လူအများ လမ်းပေါ် ပြန်ထွက် လာခြင်းဖြစ်သည်။ သို့သော် စစ်တပ်က ပြည်တွင်းစစ်ကို ရှောင်ရှားရန် အတင်းအကြပ် ဝင်ရောက်တာဝန်ယူ လိုက်ရသည်ဟု ပြောကြားနေခဲ့သည်။
ဟမ်းဒေါ့ကို ၎င်းနေအိမ်တွင် လုံခြုံအောင် ထိန်းသိမ်းထားကြောင်းနှင့် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း အစောပိုင်း၌ ဗိုလ်ချုပ်ကြီးအယ်လ်ဘာဟန်က ပြောကြားခဲ့သည်။
သို့သော် အောက်တိုဘာ ၂၅ ရက်က အဖမ်းခံထားရသည့် အခြားအစိုးရထိပ်တန်းအရာရှိများအနက် အချို့သည် လက်နက်ကိုင်တပ်ဖွဲ့များအတွင်း ပုန်ကန်ရန် လှုံ့ဆော်မှုရှိကြောင်း ဗိုလ်ချုပ်ကြီးအယ်လ်ဘာဟန်က စွပ်စွဲခဲ့ပြီး ၎င်းတို့သည် တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အပြစ်မဲ့သူတွေ့ပါက လွှတ်ပေးမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ဆူဒန်အရေးနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်း အဝေး ကျင်းပခဲ့သော်လည်း အရေးယူတစုံတရာ ထွက်ပေါ်လာခြင်းမရှိပေ။ အာဏာသိမ်းကူးစက်ရောဂါကို အတူ လက်တွဲဟန့်တားရန် အထွေထွေအတွင်းရေးမှူး ဂူတာရက်စ်က ကုလသမဂ္ဂအတွင်း တောင်းဆိုနေခဲ့သည်။
ဆူဒန်နိုင်ငံတွင် စစ်တပ်က အာဏာမသိမ်းမီက မြန်မာနိုင်ငံ၊ မာလီနိုင်ငံနှင့် ဂီနီနိုင်ငံတို့တွင် အာဏာသိမ်းမှုများ ယခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပွားခဲ့သလို အခြားနိုင်ငံအများအပြားတွင်လည်း အာဏာသိမ်းရန် ကြံစည် ကြိုးပမ်းမှုများ ရှိခဲ့သည်။