၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၂၇

မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တရုတ်ဘက်မှ နယ်စပ်ခြံစည်းရိုးကျော်ခတ်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း နိုင်ငံရေးပါတီအချို့က ပြောဆိုသည်။

၎င်းမှာ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတွင် တရုတ်ဘက်မှ နယ်စပ်ခြံစည်းရိုးကျော်ခတ်မှုများ ပိုမို လုပ်ဆောင် လာခြင်းဖြစ်ပြီး နယ်စပ်ခြံစည်းရိုးကာခြင်းသည် နှစ်နိုင်ငံသဘောတူညီမှုဖြင့်သာ ကာသင့်ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဖြေရှင်းနိုင်မှုအနေအထားမှာ နှောင့်နှေးလွန်းကြောင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည့် စိုင်းကျော်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

“အဓိက ကျနော်တို့နိုင်ငံက ဟိုဘက်က ကာပြီဆိုရင် အင်နဲ့အားနဲ့ ငွေအားနဲ့ လူအားနဲ့ကိုကာတယ်။ ကျနော်တို့က တားဆီးတာပြုတာတို့ဆိုရင် ဒါ သက်ဆိုင်ရာဌာနတွေကနေ တားဆီးတာဟာလည်းမရှိသလောက်။ သူတို့ ကလည်း အထက်ကိုပဲ တင်ပြနေတယ်။ အထက်ကိုတင်ပြတယ်ဆိုတာကလည်း ခရိုင်ကနေ ပြည်နယ်၊ ပြည်နယ် ကနေ ဗဟိုအစိုးရ ပြည်ထောင်စုအစိုးရကိုတင်ပြတယ်။ တဆင့်ပြီးတဆင့်သွားနေ‌တော့ ကြာသွားတယ်။ ကြာသွားတော့ ဒီဘက်က တရုတ်ကလည်း သူလုပ်လို့ရနေတဲ့အပိုင်းတွေမှာ ဆက်လုပ်သွားနေမယ်။ ကျနော် တို့က ဖြေရှင်းနိုင်တဲ့အနေအထားမျိုးက တအားနှောင့်နှေးတယ်” ဟု ၎င်းက
ဆိုသည်။

အောက်တိုဘာ ၂၄ ရက်နေ့က မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာအုပ်စုတွင် တရုတ်ဘက်ခြမ်းမှ ပေ ၅၀ ခန့် ကျူးကျော် ခြံခတ်ခဲ့သည့်အတွက် ဒေသခံများမှ ဖျက်ဆီးခဲ့သည်။

ပုံစာ(၂)- ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာအတွင်း တရုတ်ဘက်ခြမ်းမှ နယ်မြေ ကျူးကျော်ပြီး ခြံစည်းရိုးခတ်ထားခြင်း။

အောက်တိုဘာ ၂၀ ရက်နေ့က မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာအတွင်း တရုတ်ဘက်ခြမ်းမှ နယ်မြေ ကျူးကျော်ပြီး ခြံစည်းရိုးခတ်မှုကို ဒေသခံတို့က သဘောမတူကြောင်းပြောဆိုခဲ့ကြပြီး သဘောမတူပါက ဒေသခံတို့၏ ကြံများကို ဝယ်ယူမည်မဟုတ်ကြောင်း တရုတ်ဘက်မှ ဖိအားပေး ပြောဆိုလာခဲ့ကြောင်း ပန်ဆိုင်းရှိ ဒေသခံတစ်ဦးထံမှ သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင်လည်း အောက်တိုဘာ ၁၈ ရက်က မြန်မာပြည်ဘက်သို့ ပေ ၂၀ ခန့် တိုး၍ ခြံစည်းရိုးခတ်လာသည့် အတွက်ကြောင့် ဒေသခံများမှ ဆူပူ ဆန္ဒပြ မှုများဖြစ်ပွားပြီးနောက် တရုတ်ဘက်မှ လူများ ပြန်လည် ထွက်ပြေးသွားကြကြောင်းသိရသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် နမ့်ခမ်းမြို့နယ်၊ ဟတ်ဟင်ကျေးရွားအနီးတွင်လည်း တရုတ် ဘက်မှ နယ်မြေကျော်လွန်ကာ ခြံစည်းရိုးခတ်ခဲ့သလို၊ ဇွန်လအတွင်းကလည်း ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန့်ဝိန်းကြီးဒေသအတွင်းရှိ မြန်မာပိုင်နက်ကို ကျူးကျော်ကာ ခြံစည်းရိုးခတ်လာခြင်းကြောင့် ဒေသခံများမှ သွားရောက်ဖြိုဖျက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ပုံစာ(၃)- နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် တရုတ်ဘက်မှ ခြံစည်ရိုးကျော်ခတ်ထားခြင်း။

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်က “အမှန်က ဒါ လုံးဝ မဖြစ်သင့်တဲ့ကိစ္စ ဒီ မြန်မာနိုင်ငံကြီးက ဘယ်လောက်ပဲပြဿနာဖြစ်ဖြစ် သူတို့တွေက နယ်ကိုကျူးကျော်ပြီးမှ လုပ်တာတွေက မသင့်တော်ဘူး။ အမှန်က တာဝန်ယူထားတဲ့ အစိုးရမှာလည်း ဒီကိစ္စကို ပြောဆိုသင့်တယ်။ အခုဆို ပြည်သူတွေကကာကွယ်နေကြရတာလေ၊ သူတို့ခြံစည်းရိုးကျော်ခတ်တဲ့ကိစ္စကြီးက။ ကိုယ့်မြန်မာပြည်ရဲ့ မြေပုံက အတိုင်းအတာရှိထားပြီးသားလေ တစ်သတ်မှတ်တည်း။ အဲ့ဒါကို ကမ္ဘာကလည်း အသိအမှတ် ပြုထားပြီးသား။ အဲ့ဒါကို လုံးဝမကျော်ဖို့ကို အခုလက်ရှိတာဝန်ယူထားရတဲ့ အစိုးရက ပြောကို ပြောရလိမ့်မယ်။ တရုတ်ကို။ လုံးဝမကျူးကျော်ဖို့ကိစ္စကိုလေ။ ကုလသမဂ္ဂမှာပဲဖြစ်ဖြစ်၊ နှစ်နိုင်ငံချစ်ကြည်ရေးအရပဲဖြစ်ဖြစ်၊ မြန်မာပြည်နိုင်ငံရေးမတည်ငြိမ်တိုင်း တရုတ်ဘက်က အခွင့်ကောင်းယူတယ်လို့ မြင်တယ်။ ဒါ မလုပ်သင့်တဲ့ ကိစ္စလို့ ကျနော့်အနေနဲ့မြင်တယ်” ဟု CNI သို့ ပြောသည်။

တရုတ်ပြည်သည် မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့် ၎င်း၏ နယ်နိမိတ်လုံခြုံရေးကို တိုးမြှင့်ရန်အတွက် ဥပဒေတရပ်ကို အောက်တိုဘာ ၂၃ ရက်က ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။

တရုတ်ပြည်၏ အချုပ်အခြာအာဏာနှင့် နယ်နိမိတ်အား ထိရောက်စွာ ကာကွယ်သွားမည်ဟု ထိုဥပဒေသစ်တွင် ဖော်ပြထားသည်။