ကွီတို၊ အောက်တိုဘာ ၂၇

လောင်စာဆီဈေးနှုန်းတက်ခြင်းအပေါ် အီကွေဒေါဌာနေတိုင်းရင်းသားများ မကျေမနပ်ဖြစ်၍ စုဝေးဆန္ဒပြမှုတစ်ခု အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက စတင်ခဲ့ကြောင်း၊ ဆန္ဒပြမှုအထိမ်းအမှတ်အဖြစ် ဆင်ခြေဖုံးရပ်ကွက်များသို့ သွားလာသော ပင်မလမ်းကြောင်းကို ရပ်နားထားကြကြောင်း၊ ၎င်းဆန္ဒပြမှုကို အီကွေဒေါနိုင်ငံသုံး ဘာသာ စကားဖြင့် တစ်နိုင်ငံလုံးပိတ်ဆို့ခြင်း ဟု အမည်ပေးထားကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။

ဆန္ဒပြသူများက အခိုင်အခန့်ကာရံထားသော သမ္မတနန်းတော်သို့ ငြိမ်းချမ်းစွာ ဝင်ရောက်လိုသော်လည်း သွပ်ဆူးကြိုးဘန်ကာများနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲများက ၎င်းအဆောက် အဦဆီသို့ သွားရာလမ်းများကို တားဆီးထားခဲ့ကြသည်။

ယခင်သီတင်းပတ်က လောင်စာဆီဈေးတက်ရန် ကြေညာခဲ့မှုအပေါ် ပြန်လည်လျှော့ပေးရေးအတွက်(ရှေးရိုးစွဲ) ကွန်ဆာဗေးတစ်သမ္မတ ဂီလာမိုလက်ဆိုကို အီကွေဒေါတိုင်းရင်းသားများနှင့် အခြားလူမှုအစုအဖွဲ့များက တောင်းဆိုနေကြသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သမ္မတက ကျနော့်ကို မတည်မငြိမ်ဖြစ်စေသူဆိုပြီး တံဆိပ်ကပ်ခဲ့တယ်ဗျ” ဟု ဌာနေ တိုင်းရင်းသားများအဖွဲ့ချုပ်(CONAIE)ဥက္ကဋ္ဌ လီယွန်နီဒတ်စ်အီဇာက သ တင်းထောက်များကို ပြောကြားခဲ့သည်။

“ဒီကိစ္စ(လောင်စာဆီဈေး)အပေါ် အီကွေဒေါနိုင်ငံသားတွေ ကြာကြာမစောင့်နိုင်ပါဘူး။ စီးပွားရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့အားလုံး စိုးရိမ်နေကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကွီတိုမြို့တော်တွင် တစ်ရက်တာ ဆန္ဒပြမှုများ ပြီးဆုံးသွားပြီးနောက် ပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒားဗီလာ ဦးဆောင်သည့် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ကို ရန်လိုသည်ဟု ယူဆ ရသော လူအုပ်စုတစ်စုက ဆန်တိုဒိုမင်ဂိုပလာဇာအနီးတွင် ရှေ့ဆက်တိုးလာသဖြင့် မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ် လူစုခွဲခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက သတင်းထောက်များကို ရှင်းပြခဲ့သည်။

“တစ်ရက်တာဖြစ်ပွားမှုမှာ လူ ၃၇ ဦးကို ရဲက ဖမ်းဆီးထားကြောင်း” ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဆန္ဒပြမှုများအပြီး CONAIE အဖွဲ့ချုပ်က ဆုံးဖြတ်ချက် ၇ ချက်ကို ထုတ်ပြန်ခဲ့ပြီး ဒုတိယနေ့ ဆန္ဒပြပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည်။ ပြီးခဲ့သည့်ဇွန်လက အ လားတူတောင်းဆိုခဲ့ဖူးသည့် လောင်စာဆီ ဈေးနှုန်းကိစ္စကိုလည်း အဖွဲ့ချုပ်က ထပ်မံအတည်ပြုခဲ့သည်။