၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၆

အာဖဂန်နစ္စတန်နိုင်ငံအတွက် အရေးတကြီးလုပ်ဆောင်မှုမရှိပါက ယခုဆောင်းရာသီတွင် အာဖဂန် ပြည်သူ သန်းနှင့်ချီ၍ ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်သည်ဟု ဘီဘီစီသတင်း၌ ဖော်ပြထားသည်။

လတ်တလော အာဖဂန်လူဦးရေ၏ထက်ဝက်ကျော်ဖြစ်သော ၂၂ ဒသမ ၈ သန်းခန့်သည် အစာရေစာ မလုံလောက် မှုနှင့် ရင်ဆိုင်နေရပြီး ငါးနှစ်အောက်ကလေးသူငယ် ၃ ဒသမ ၂ သန်းသည် အာဟာရချို့တဲ့မှုဒဏ်ကို အပြင်းအထန် ခံစားနေရကြောင်း WFP က ဆက်လက်ပြောကြားခဲ့သည်။

“အာဖဂန်နစ္စတန်ဟာ အခုအချိန်မှာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ နှစ်သစ်ကို ကပ်ဘေးက အသင့်စောင့်နေပြီလို့ ပြောရမှာပါ” ဟု WFP အမှုဆောင် ဒါရိုက်တာ ဒေးဗစ်ဘိစလေးက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံရှိ နောက်ဆုံးလက်ကျန်တပ်များကို အမေရိကန်က ဆုတ်ခွာခဲ့ပြီးနောက် ဩဂုတ်လတွင် တစ်နိုင်ငံလုံး တာလီဘန်တို့လက်ထဲ ကျရောက်သွားခဲ့သည်။

တာလီဘန်တို့ သိမ်းပိုက်လိုက်ခြင်းသည် နိုင်ငံခြားအကူအညီအပေါ် ကြီးမားစွာမှီခိုနေရသော အာဖဂန် စီးပွားရေး ကို အားနည်းသွားစေခဲ့သည်။

အနောက်အုပ်စု အင်အားကြီးနိုင်ငံများက အာဖဂန်အပေါ် အကူအညီများ ဆိုင်းငံ့ ထားပြီး ကမ္ဘာ့ဘဏ်နှင့်နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ကလည်း ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက် များ ရပ်တန့်ခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)၏ ၁၀ ရာခိုင်နှုန်း (သို့မဟုတ်) ထို့ထက်ပို၍ နိုင်ငံခြားအကူအညီမှ လာသည်ဆိုလျှင် ပြည်ပအကူအညီအပေါ် မှီခိုနေရသော နိုင်ငံအဖြစ် သတ်မှတ်လေ့ ရှိသည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ GDP ၄၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံတကာအကူအညီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုထားသည်။

ယခုအခါ အာဖဂန်နိုင်ငံသားအများအပြားသည် ၎င်းတို့ရှိစုမဲ့စုပစ္စည်းများကို ထုတ်ရောင်း၍ အစားအသောက်များ ဝယ်ယူနေရသည်။ တာလီဘန်တို့ကဲ့သို့ သဘောထားတင်းမာသော အုပ်စုနှင့် မည်သို့ဆက်ဆံရေးထားရှိမည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက အကဲဖြတ်နေဆဲဖြစ်သလို တာလီဘန်အစိုးရသစ်ကလည်း နိုင်ငံခြားပိုင်ဆိုင်မှုများ ဝင်ရောက်ခြင်းမှ ပိတ်ပင်ထားပြီး အရပ်ဘက်ဝန်ထမ်းများနှင့် အခြားအလုပ်သမားများအတွက် ရှင်းလင်း ပေးချေရမည့် လုပ်ခလစာများကိုလည်း လတ်တလော ဆိုင်းငံ့ထားသည်။