၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၆
ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် အသစ်ခန့်အပ်လိုက်သည့် ဒေါက်တာနိုလင်းဟေဇာသည် မြန်မာ နိုင်ငံ၏ ယခင်အစိုးရခေါင်းဆောင်များဖြင့် ရင်းနှီးသော ဆက်ဆံရေးတစ်ရပ်ရှိသည့်အတွက် မြန်မာ့နိုင်ငံရေး အကျပ် အတည်းကို တစ်စုံတစ်ရာဖြေရှင်းနိုင်မလားဟု သံတမန်အသိုင်းအ၀န်းကြား သုံးသပ်ဆွေးနွေးနေကြသည်။
ဒေါက်တာနိုလင်းဟေဇာကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အောက်တိုဘာ ၂၅ ရက်နေ့က ခန့်အပ်လိုက်ကြောင်း ကုလအထွေထွေ အတွင်းရေးမှူးချုပ်က ကြေညာခဲ့သည်။ ဒေါက်တာနိုလင်းဟေဇာသည် မစ္စစ်ခရစ္စ တင်း ရှရနာဘာဂနာ၏ နေရာကို ဆက်ခံသူဖြစ်သည်။
ဒေါက်တာနိုလင်းဟေဇာသည် ဦးသိန်းစိန် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်အချိန် ၂၀၀၈ ခုနှစ်က နာဂစ်ကြောင့် လူပေါင်းသိန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် အခြေ အနေကို ပြန်လည်ထူထောင်နိုင်ရေး ထိတွေ့ဆက်ဆံခဲ့ဖူးသလို ၂၀၀၉-၂၀၁၀ ခုနှစ်များအတွင်းမှာလည်း မြန်မာနိုင်ငံသို့ မကြာခဏလာရောက်ကာ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ ဝန်ကြီးများဖြင့် တွေ့ဆုံကာ ကျေးလက်စီးပွားရေးလုပ်ငန်းများ ထူထောင်ရေးနှင့်ဖွံ့ဖြိုးရေး မိတ်ဖက်လုပ်ငန်းများ ထူထောင် ရေး ဆွေးနွေးခဲ့ကြသေးသည်။
သံတမန်တစ်ဦးက “ဒေါက်တာနိုလင်းဟေဇာက အရင် ကျနော်တို့ နာဂစ်ဖြစ်တုန်းက မြန်မာပြည်ကို အကူအညီပေးတာ တွေရှိခဲ့တယ်။ အဲတုန်းက ဦးသိန်းစိန်က ဝန်ကြီးချုပ်ပေါ့၊ နောက် ၂၀၀၉-၂၀၁၀ တုန်းကာလမှာလည်း မြန်မာပြည်ကို မကြာခဏလာတယ်၊ အဲတုန်းက လယ်ဆည်ဝန်ကြီးဖြစ်တဲ့ ဦးဌေးဦးတို့နဲ့ တော်တော်ရင်းနှီးတယ်၊ ပြီးရင် ဦးတင်ထွန်းဦးတို့ နဲ့လည်း ရင်းနှီးကြတယ်။ အခု ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံနဲ့ ရင်းနှီး တဲ့ ဆက်ဆံရေးရှိသူ၊ မြန်မာနိုင်ငံအကြောင်းကို တော်တော်သိတဲ့လူ၊ မြန်မာနိုင်ငံနဲ့နီးစပ်တဲ့ နိုင်ငံကလည်းဖြစ်တယ်၊ အဲလို ဆိုတော့ ပိုပြီးတော့ မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေပေးနိုင်မယ်ထင်လို့ ခန့်အပ်တာ ဖြစ်လိမ့်မယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာနိုလင်းဟေဇာသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရသည့် ရက်မှ ၃-၄ လအတွင်းမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို မည်သို့ ဖြေရှင်းနိုင်မလဲဆိုသော နည်းလမ်းကို ရှာဖွေရန် အချိန်ရနိုင် ကြောင်း၊ ထိုနောက်ပိုင်းမှာတော့ လက်တွေ့ အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရနိုင်ခြေရှိကြောင်း ၎င်းက ဆိုသည်။
ပုံ -မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရသည့် ဒေါက်တာနိုလင်းဟေဇာကိုတွေ့ရစဉ်။
ဗဟာဗျူဟာနှင့်မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP) ၏ ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းက “သူက အသက် ၇၀ ကျော်ပြီ၊ စင်ကာပူနိုင်ငံက ဝါရင့်သံ။ မြန်မာနိုင်ငံကို နာဂစ်ကပ်ဘေး ကာလတွေမှာလည်း အကူအညီပေးဖို့ လာခဲ့ဖူး တယ်။ အဲဒီတုန်းက ကုလသမဂ္ဂ အေးရှား-ပစိဖိတ် စီးပွား၊ လူမှုရေးကော်မရှင် UNESCAP အကြီးအကဲ။ ၂၀၀၉ ခုနှစ် မြန်မာပြည်လာတုန်းကလည်း (အဲဒီကာလ) ဝန်ကြီးချုပ်ဦးသိန်းစိန်နဲ့ ဝန်ကြီး ၉ ဦးနဲ့တွေ့တယ်။ ဖွံ့ဖြိုးရေး မိတ်ဖက် လုပ်ငန်းတွေကို ဆွေးနွေးတယ်။ ကျေးလက်စီးပွားရေး ပြန်ထူထောင်ဖို့ကိစ္စတွေ ဆွေးနွေးတယ်”ဟု ပြောသည်။
ထို့နောက် ရွေးကောက်ပွဲ အခင်းအကျင်းပြောင်းလဲ၍ ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူသည့် အစိုးရတစ်ရပ် တက်လာ သည့် ကာလ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် အရေးအခင်းဖြစ်သည့်အခါမှာလည်း ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မဟာဗျူဟာတစ်ရပ်ရေးဆွဲရေး ဒေါက်တာနိုလင်းဟေဇာကို အကူအညီတောင်းခဲ့၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ISP ၏ ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းက “၂၀၁၂ ရခိုင်ပြည် နယ် ပြဿနာတွေဖြစ်တော့လည်း နိုလင်းဟေ ဇာကို အကူအညီတောင်းရတယ်။ အဲဒီဒေသ စီးပွားရေး ဖွံ့ဖြိုးရေး မဟာဗျူဟာ တခု ရေးဆွဲနိုင်ဖို့။ နောက်ပိုင်း မြန်မာ အစိုးရကို အစိုးရ- ပုဂ္ဂလိက မိတ်ဖက်ပြုမှု (PPP) ကိစ္စတွေ တိုက်တွန်းခဲ့သူ။ အရင် မြန်မာအစိုးရနဲ့ နီးစပ်သူ၊ မိတ်ဆွေ ဟောင်းပဲ။ ပြောတဲ့စကား အချင်းချင်း နားလည်နိုင်သူ၊ အိမ်နီးချင်းနိုင်ငံတစ်ခုက ဖြစ်ရင် အလုပ်ပိုဖြစ်လေမလားဆိုတဲ့ အမြင်နဲ့ ခန့်အပ်တယ်လို့တော့ ထင်မိတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာနှင့် ပြည်တွင်း အင်အားစုများကြား နည်းလမ်းရှာဖွေနေကြသော်လည်း အဆင်မပြေဘဲဖြစ်နေကြသည်။ ထို့နောက် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပနေသည့် အာဆီယံထိပ်သီး အစည်းအဝေးမှာလည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ကြားရန် ဆုံးဖြတ်ချက် ချမှတ်မှုများ နိုင်ငံတကာအသိုင်းအဝန်းများ ဖြစ်ပေါ်ခဲ့သည်။
ပုံ - ယခင် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှရနာဘာဂနာနှင့် ကုလအတွင်းရေးမှူးချုပ်ကိုတွေ့ရစဉ်။
ထို့နောက် ဗြိတိန်နိုင်ငံတွင် ဒီဇင်ဘာလမှာကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် G-7 ASEAN အစည်းအဝေး မှာလည်း နစကကို မဖိတ်ကြားရန် ဆုံးဖြတ်ထားကြောင်း ဗြိတိန်အစိုးရက ပြောကြားထားသလို အာဆီယံခေါင်းဆောင်များ နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရတ်စ်ကြား အစည်းအဝေး ကျင်းပမည့်အခြေ အနေကို လည်း နစကအား အသိအမှတ်ပြုရာရောက်မည့်အတွက် အစည်းအဝေး ရွှေ့ဆိုင်းထားရန် ကုလက ပြောခဲ့သည်။
အဆိုပါ အခြေအနေများကြောင့် နစကနှင့် နိုင်ငံအသိုင်းအဝန်းကြား သံတမန်ရေးရာ တင်းမာမှုများဖြစ်လာသည့်အချိန်မှာပဲ မြန်မာနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်သည့် စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလင်းဟေဇာကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ခန့်အပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ် အတည်း တစ်စုံ တစ်ရာ ဖြေရှင်းလာနိုင်မည်ဟု သံတမန်အသိုင်းအဝန်းကြားမှာ သုံးသပ်နေကြသည်။
ဒေါက်တာနိုလင်းဟေဇာသည် ယခင်က ကုလသမဂ္ဂ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေး၊ လူမှုရေးရာကော်မရှင် အကြီးအကဲတာဝန်များကို ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
ထို့နောက် အာဆီယံဒေသတွင်း တီမော-လက်စ်တေး ငြိမ်းချမ်းရေးတည်ဆောက်မှုမှာလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးအဖြစ် ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။
ဒေါက်တာနိုလင်းဟေဇာသည် စင်ကာပူ တက္ကသိုလ်ကနေ ပထမဆုံး ဝိဇ္ဇာဘွဲ့နှင့် မဟာသိပ္ပံဘွဲ့များ ရရှိခဲ့ပြီး ကိန်းဘရစ်ချ် တက္ကသိုလ်ကနေလည်း လူမှုသိပ္ပံဘာသာရပ်နှင့်ပါရဂူဘွဲ့ ရယူထားသူဖြစ်သည်။ ထို့နောက် စင်ကာပူနိုင်ငံ NUS တက္ကသိုလ်မှ လူထုရေးရာ မူဝါဒ လီကွမ်ယုကျောင်း၏ အုပ်ချုပ်ရေး ဘုတ်စ်အဖွဲ့ဝင်ဖြစ်ကြောင်း သိရသည်။