ခါတွမ်း အောက်တိုဘာ ၂၆
ဆူဒန်နိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် လူအုပ်ကြီးကို စစ်သားများက ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၈၀ ခန့် ဒဏ်ရာရရှိသွားကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်က အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် ရေးသားဖော်ပြသည်။
လက်နက်ကိုင်တပ်ဖွဲ့များက ဆူဒန်အရပ်သားအုပ်ချုပ်ရေးကို အောက်တိုဘာ ၂၅ ရက်က ဖျက်သိမ်းလိုက်ပြီး နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးခြင်းနှင့် အရေးပေါ်ကြေညာခြင်းတို့ ပြုလုပ်ခဲ့ရာ ယင်းနေ့တွင်ပင် ဆန္ဒပြသူများ လမ်းပေါ်ထွက်လာခဲ့ကြသည်။
ခါတွမ်းမြို့တော်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် တစ်အိမ်တက်ဆင်း ဝင်ရောက်စစ်ဆေးနေကြပြီး ဒေသခံဆန္ဒပြသူအချို့ကို ဖမ်းဆီးခဲ့သည်။
ဆူဒန်စစ်အာဏာသိမ်းမှုကို တစ်ကမ္ဘာလုံးက ရှုတ်ချခဲ့ပြီး အမေရိကန်က ဆူဒန်သို့ ဒေါ်လာ သန်း ၇၀၀ အကူအညီပေးရေးအစီအစဉ်ကို ရပ်ဆိုင်းလိုက်သည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဒယ်ဖာတာဘဟန်က ၎င်းတို့အပေါ် စစ်ရေးအရ၊ နိုင်ငံရေးအရ ထိုးနှက်လာမှုများကို ပြစ်တင်ဝေဖန်ခဲ့သည်။
ဆူဒန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်နှစ်က အိုမာအယ်လ်ဘာရှားဖြုတ်ချခံရပြီးကတည်းက အရပ်သား ခေါင်းဆောင် များနှင့် စစ်ခေါင်းဆောင်များအကြား သဘောထားကွဲလွဲနေမှုများ ရှိခဲ့သည်။
အောက်တိုဘာ ၂၅ ရက် ညပိုင်းအထိ ခါတွမ်းမြို့တော်နှင့် အခြားမြို့ကြီးများတွင် ဆန္ဒပြသူများက အရပ်သား အုပ်ချုပ်ရေး ပြန်ပေးဖို့ တောင်းဆိုနေခဲ့ကြကြောင်း ခါတွမ်းမြိုတော်မှ ဘီဘီစီ အာရေဗစ်သတင်းထောက် မိုဟာမက်အိုစမန်က သတင်းပေးပို့ထားသည်။
“လူနှစ်ယောက် သေသွားတယ်။ သူတို့ ပစ်ခံရတာ ကျနော့်မျက်မြင်ပါပဲ” ဟု ဘီဘီစီသတင်းထောက်က ပြောသည်။ ဆူဒန်ဆရာဝန်များသမဂ္ဂနှင့် ပြန်ကြားရေးဝန်ထမ်းများလည်း ဆန္ဒပြမှုတွင် ပါဝင်ကြရာ စစ်တပ် ဝင်းအပြင်ဘက်တွင် အသေပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
ခါတွမ်းမြို့ရှိ ဆေးရုံတစ်ရုံတွင် ရိုက်ကူးထားသော ဓာတ်ပုံများ၌ သွေးစွန်းနေသောအဝတ်အစားများနှင့် ဒဏ်ရာ ရရှိသူများကို တွေ့ရှိရသည်။
အကြမ်းဖက်ဖြိုခွင်းမှုများရှိနေသော်လည်း ဆန္ဒပြသူများဘက်မှလည်း နောက်ဆုတ်မည့် အရိပ်အယောင် အနည်းငယ်သာ ရှိကြောင်း ဘီဘီစီသတင်းထောက်က ဆက်လက်သတင်းပေးပို့ထားသည်။
လမ်းများပေါ်တွင် ဆန္ဒပြသူအချို့က ကားတာယာများကို စုပုံမီးရှို့၍ အုတ်ခဲများဖြင့် ပိတ်ဆို့တားဆီးထားသည်။ အမျိုးသမီးများကလည်း စစ်အုပ်ချုပ်ရေး မလိုက်နာနိုင်ကြောင်း အော် ဟစ်ကြွေးကြော်နေကြသည်။
ခါတွမ်းလေဆိပ်ကို လတ်တလော ပိတ်ထားပြီး နိုင်ငံတကာလေကြောင်းခရီးစဉ်များ ဆိုင်းငံ့ထားသည်။ အင်တာနက်နှင့်ဖုန်းလိုင်းအများစုမှာလည်း ဖြတ်တောက်ခံထားရသည်။
ဆူဒန်ဗဟိုဘဏ်မှ ဝန်ထမ်းများလည်း ပါဝင်သပိတ်မှောက်ကြပြီး နိုင်ငံတဝန်းမှ ဆရာဝန်များက အရေးပေါ် အခြေအနေမှလွဲ၍ စစ်ဘက်ဆိုင်ရာဆေးရုံများတွင် အလုပ်မဆင်းကြရေး ငြင်းဆိုကြရန် အချင်းချင်း လှုံ့ဆော် နေကြသည်။