ပေါ့အော်ပရင့်စ်၊ အောက်တိုဘာ ၂၅

မြေငလျင်လှုပ်ခတ်မှု၊ သမ္မတကို လုပ်ကြံမှု၊ အုပ်စုဖွဲ့ အကြမ်းဖက်မှုနှင့် ပြန်ပေးဆွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသော ဟေတီ နိုင်ငံ၏မြို့တော်တွင် လောင်စာဆီ ကုန်ခမ်းလု နီးနီးဖြစ်နေကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အုပ်စုဖွဲ့ ပိတ်ဆို့တားဆီးခြင်းနှင့် လောင်စာဆီ တင်ဆောင်သည့် ဆီသယ်ယာဉ်မောင်းများကို ပြန်ပေးဆွဲမှုများ ဖြစ်ပွားပြီး ရက်သတ္တနှစ်ပတ်ကျော်ကြာချိန်တွင် ဆီတင်ပို့မှုရပ်တန့်သွား၍ ပေါ့အော်ပရင့်စ်မြို့၌ ဓာတ်ဆီနှင့်ဒီဇယ်ဆီများ အပူတပြင်း ရှာဖွေနေရကြောင်း အောက်တိုဘာ ၂၄ ရက်၌ အေပီက ရေးသားဖော်ပြသည်။

ပြည်တွင်း၌ စိတ်မချရသော လျှပ်စစ်ဓာတ်အားပေးစနစ်ကြောင့် မီးစက်များကိုသာ တွင်တွင်ကျယ်ကျယ် သုံးစွဲနေရသော ဟေတီ ပြည်သူများအတွက် လောင်စာဆီ လိုအပ်ချက်မှာ မရှိမဖြစ် အရေးကြီးနေသည်။

ပေါ့အော်ပရင့်စ်မြို့တော်ရှိ အထင်ကရ လောင်စာဆီဆိုင်များမှာ မာတစ်ဆန့်၊ လာစလိုင်းနှင့် ဆိုက်စိုလဲကဲ့သို့ ဒုစရိုက်ဂိုဏ်းများ ကြီးစိုးသော ရပ်ကွက်ထဲ (သို့မဟုတ်) ရပ်ကွက်အနီးများတွင် တည်ရှိနေပြီး အချို့သောဂိုဏ်းများက ဆီတင်ယာဉ်များကို ဖြတ် သန်းသွားလာအပေါ် ခြိမ်းခြောက် ငွေတောင်းနေကြကြောင်း သိရသည်။

ပုံ-ဟေတီက လောင်စာဆီပြတ်တောက်မှု ဝရုန်းသုံးကားနဲ့ လက်နက်ကိုင်တစ်ဉီးကိုတွေ့ရစဉ်။(AP)

အဆိုပါ ဒုစရိုက်ဂိုဏ်းများသည် ဟေတီပြည်တွင်း၌ ကြီးထွားလာနေပြီး မကြာသေးမီက အမေရိကန် အခြေစိုက် သာသနာပြု အဖွဲ့မှ လူ ၁၇ ဦးကို ပြန်ပေးဆွဲခဲ့ကြောင်း၊ ပြန်လွှတ်ပေးရန်အတွက် တစ်ဦးလျှင် ဒေါ်လာ ၁ သန်း အဓမ္မတောင်းခံကြောင်း အေပီသတင်းမှာ ဖော်ပြထားသည်။ ပြန်ပေးအဆွဲခံ ထားရသူများ၏ အခြေအနေမှာ လတ်တလော မသိရသေးပေ။

အလားတူ အဆိုပါဂိုဏ်းများသည် ဟေတီလူမျိုး ရာနှင့်ချီ၍ ပြန်ပေးဆွဲခဲ့ပြီး အစိုးရကလည်း ၎င်းတို့ကို အပေးအယူလုပ်ခြင်း၊ နှိမ်နင်းခြင်းတို့ဖြင့် စွမ်းဆောင်နိုင်ပုံ မရပေ။

လောင်စာဆီ လုံးဝ ပြတ်တောက်သွားသော ဓာတ်ဆီဆိုင်များ တည်ရှိသည့် ဒဲမတ်စ်ရပ်ကွက်တွင် အောက်တိုဘာ ၂၃ ရက်တွင် ဆန္ဒပြမှုများဖြစ်ပွား၍ ရဲတပ်ဖွဲ့ရောက်လာကာ လူစုခွဲခြင်း၊ သတိပေးပစ်ခတ်ခြင်း လုပ်ဆောင်ခဲ့သည်။

မိုဘိုင်းလ်ဖုန်း ကွန်ရက်အချို့မှာလည်း ဖုန်းတာဝါတိုင်များ မီးစက်အားထားသုံးနေရ၍ လောင်စာဆီ ကုန်ဆုံးချိန် နီးကပ်လာ သည်နှင့်မျှ ဝန်ဆောင်မှုများ ကျဆင်းသွားခဲ့သည်။

မြို့တော်အတွင်းရှိ အဓိကအားထားရာ စိန့်ဒါမီယန်ဆေးရုံ၊ ကလေးအထူးကု ကျန်းမာရေးဌာနတွင် လေဝင်လေထွက် ကောင်း မွန်ရေးနှင့် ဆေးပစ္စည်းများ ထုတ်ပေးရေးအတွက် မီး စက်များလည်ပတ်ရန် လောင်စာဆီမှာ ၃ ရက်စာသာ ကျန်တော့သည်။ အဆိုပါဆေးရုံမှာ နေရောင်ခြည်စွမ်းအင်ဖြင့် တစ်စိတ်တပိုင်း လည်ပတ်နိုင်သော်လည်း ဝန်ဆောင်မှု လို အပ်ချက် အားလုံး အတွက် လုံလောက်သော လျှပ်စစ်ဓာတ်အား မရှိပေ။

ပုံမှန်အားဖြင့် အဆိုပါဆေးရုံသို့ တစ်လလျှင် လောင်စာဆီ ဂါလံ ၃၀၀၀ ခန့် နှစ်ကြိမ်ပို့ဆောင်ပေးရသည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)က “ဟေတီနိုင်ငံတွင် လောင်စာဆီပြတ်တောက်မှု အဖြေမရှာနိုင်သေး၍ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသော အမျိုးသမီးနှင့် ကလေးသူငယ်များ သေဆုံးနိုင်ခြေ ပိုများလာကြောင်း” အောက်တိုဘာ ၂၄ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။