CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁

ကိုးကန့်ဒေသတွင်ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ကြည်းကြောင်း၊ လေကြောင်း စစ်ရေးဆိုင်ရာ နယ်မြေ ကျော်လွန်လာပါက မည်သည့်အဖွဲ့အစည်းမဆို တိုက်ထုတ်သွားမည်ဟု “ဝ”ပြည်နယ်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)က ထုတ်ပြန်ခဲ့သည်။

UWSA သည် ကိုးကန့်စစ်ပွဲအတွင်း မည်သည့်ဘက်ကိုမှ ပါဝင် တိုက်ခိုက်ပေးမည်မဟုတ်သလို ဘက်မလိုက် သော မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် နှစ်ပွဲ စစ်ပွဲများရပ်တန့်ပြီး တွေ့ဆုံ ဆွေးနွေးကြရန်လည်း UWSA က တိုက်တွန်းထားသည်။

UWSA က “ မိမိတို့ UWSA သည် ချွင်းချက်မရှိ ကိုယ့်ဒေသ ကိုယ့်ပြည်သူကို ကာကွယ်စောင့်ရှောက်ခွင့် အပြည့် အဝ ရှိသည်။ ထို့ကြောင့် လေကြောင်း၊ ကြည်းကြောင်းမှ နယ်ကျော်လာတဲ့ မည်သည့် စစ်ရေးဆိုင်ရာ မှန်သမျှကို တိုက်ထုတ်သွားမည်”ဟု ပြောသည်။

သို့သော် “ဝ”ဒေသအတွင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်များကိုတော့ အခမဲ့ ကူညီစောင့်ရှောက်ပေး သွားမည်ဖြစ်ကြောင်း UWSA က ထုတ်ပြန်ချက်ခဲ့သည်။

UWSA ရဲ့ လေယာဉ်ပစ် လက်နက်ကို တွေ့ရစဉ်

မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)သည် မဟာမိတ်များဖြစ်သော ရက္ခိုင့်တပ်တော် (AA)၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)တို့နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြန်မာ့ တပ်မတော် စစ်စခန်းများကို အောက်တိုဘာ ၂၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်လျက်ရှိနေသည်။

အဆိုပါ စစ်ဆင်ရေးကို ၁၀၂၇ ဟု နာမည်ပေးထားပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လောက်ကိုင်မြို့နယ်၊ သိန်းနီ မြို့နယ်၊ လားရှိုးမြို့နယ်၊ နောင်ချိုမြို့နယ်၊ ချင်းရွှေဟော်မြို့နယ်၊ မုံးကိုးမြို့နယ်၊ မူဆယ်မြို့နယ် စသည့် မြို့နယ် များက မြန်မာ့တပ်မတော် စစ်စခန်းများ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးများ၊ ရဲစခန်းများ၊ တိုးဂိတ်များကို တိုက် ခိုက်ခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်ကလည်း တန်ပြန် တိုက်ခိုက်မှုများ ပြုလုပ်နေသလို မန္တလေးဘက်ကနေ စစ်အင် အားများ ဖြည့်တင်းနေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော မြို့နယ်များအနက် လောက်ကိုင်၊ ချင်းရွှေဟော်၊ မုံးကိုး စသည့် ဒေသများသည် UWSA “ဝ”တပ်ဖွဲ့ နယ်မြေနှင့် ထိစပ်လျက်ရှိနေသည်။