CNI International News

တဲလ်အဗစ်၊ နိုဝင်ဘာ ၂

အီဂျစ်သည် ဂါဇာကမ်းမြောင်ဒေသအနီးရှိ ရာဖာ (Rafah) နယ်စပ်ဂိတ် တည်ရှိရာ နေရာသို့ တင့်ကားများနှင့် ကျည်ကာကားများ ဖြန့်ကြက်ချထားခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။  

ဂါဇာကမ်းမြောင် နယ်စပ်တစ်လျှောက်တွင် ဒါဇင်နှင့်ချီသည့် ကျည်ကာကားများ၏ ဓာတ်ပုံများကို အစ္စရေး၏ The Times of Israel သတင်းစာက ဖော်ပြခဲ့သည်။ 

အစ္စရေး-ဂါဇာ ပဋိပက္ခကြောင့် ပါလက်စတိုင်း ဒုက္ခသည် အများအပြား အီဂျစ်နိုင်ငံအတွင်း ဝင်ရောက်လာမည့် အရေးကို စိုးရိမ်သည့်အနေဖြင့် အီဂျစ်အစိုးရက ထိုကဲ့သို့ အစီအမံများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု The Times of Israel သတင်းစာက ဖော်ပြခဲ့သည်။

အီဂျစ်သည် ဒုက္ခသည်များ ဝင်ရောက်မှုကို ဟန့်တားရန် ရာဖာနယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ပြီး ဂါဇာဒေသအတွင်းသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးပို့မည့် ထရပ်ကားများကိုသာ ဝင်ရောက်ခွင့်ပြုထားသည်။

အနောက်ဘက် ကမ်းဒေသ (West Bank)ကို တွေ့ရစဉ်

၁၉၇၉ ခုနှစ် ငြိမ်းချမ်းရေးစာချုပ်အရ အီဂျစ်သည် ဆိုင်းနိုင်း ကျွန်းဆွယ် (Sinai Peninsula) ပေါ်တွင် စစ်သားများ ကို အင်အားအကန့်အသတ်ဖြင့် ထားရှိနိုင်သော်လည်း ယခင်က ဒေသတွင်း သောင်းကျန်းသူများကို တိုက်ခိုက်ရန် အတွက် အီဂျစ်စစ်သား အရေအတွက် တိုးမြှင့်၍ ဖြန့်ကြက်ချထားခွင့်ကို အစ္စရေးက ခွင့်ပြုခဲ့သည်။ 

အောက်တိုဘာ ၇ ရက်က ဟားမာ့စ် လက်နက်ကိုင်အဖွဲ့သည် အစ္စရေးနိုင်ငံအတွင်း ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားခဲ့ကာ အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ နောက်တစ်ကြိမ် ပြန်လည် မြင့်တက်လာခဲ့သည်။

အစ္စရေးအာဏာပိုင်များသည် ဂျေရုဆလင် (Jerusalem) မြို့၏ မြို့ဟောင်း (Old City)ရှိ Temple Mount တောင်ပေါ်မှ အယ် အက်ဆာ (Al-Aqsa) ဗလီအပေါ် အစ္စရေးအာဏာပိုင်များ၏ ရန်လိုသည့်် လုပ်ဆောင်မှုများ ကြောင့် ယခုကဲ့သို့ တုန့်ပြန်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဟားမာ့စ်အဖွဲ့က ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် ဂါဇာဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး တစ်ချိန်တည်းမှာပင် လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံတို့၏ အချို့နေရာ ဒေသများတွင်လည်း လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင် နေသည်။

ထို့အပြင် အနောက်ဘက် ကမ်းဒေသ (West Bank) တွင်လည်း အခြားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

Source: တာ့စ်