CNI International News

ဂျကာတာ၊ စက်တင်ဘာ ၇

နိုင်ငံများအကြား ပဋိပက္ခများကို ဖြေရှင်းရန် ကြိုးပမ်းနေချိန်တွင် စစ်အေးအသစ် ဖြစ်ပွားမည့် အခြေအနေအား ရှောင်လွှဲရန် အရေးကြီးကြောင်း တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) က သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

စက်တင်ဘာ ၅ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၌ ပြုလုပ်နေသည့် အာဆီယံအစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

နှစ်စဉ်ပြုလုပ်နေကျ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား (အာဆီယံ အပေါင်း ၃ နိုင်ငံ) အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့ချိန်၌ လီက နိုင်ငံများအနေနှင့် မတူကွဲပြား မှုများနှင့် အငြင်းပွားမှုများကို သင့်တော်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

"လက်ရှိအချိန်မှာ ဟိုဘက်၊ ဒီဘက်ဆိုပြီး ဘက်ရွေးတာကို ဆန့်ကျင်ဖို့ ထိပ်တိုက်တွေ့မှုနဲ့ စစ်အေးအသစ် ဖြစ်ပွားမယ့် အခြေအနေကို ဆန့်ကျင်ဖို့ အရမ်းအရေးကြီးပါတယ်"ဟု လီက ပြောသည်။

အမေရိကန်ဒုတိယသမ္မတ ကာမယ်လာဟားရစ်ကို တွေ့ရစဉ်

အင်အားကြီး နိုင်ငံများ၏ ပြိုင်ဆိုင်မှုအကြား ရောက်ရှိနိုင်ကြောင်း သတိပေးခံထားရသည့် အာဆီယံသည် အမေရိကန်ဒုတိယသမ္မတ ကာမယ်လာ ဟားရစ် (Kamala Harris)နှင့် ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် အိန္ဒိယ အပါအဝင် မိတ်ဖက်နိုင်ငံများမှ ခေါင်းဆောင်များနှင့် အစည်းအဝေး ကျင်းပနေခြင်း ဖြစ်သည်။

ထိုအစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Biden) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

ထိုအစည်းအဝေးတွင် တရုတ်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်၌ တရုတ်၏ လှုပ်ရှားမှုများ မြင့်တက်နေမှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

 တရုတ်ဝန်ကြီးချုပ် လီချင်နဲ့ အာဆီယံ ခေါင်းဆောင်များကို တွေ့ရစဉ်

အာဆီယံသည် ယခုသီတင်းပတ်အတွင်း တောင်တရုတ် ပင်လယ်အတွင်းရှိ ရေလမ်းကြောင်းများ အသုံးပြုရေးနှင့် ပတ်သက်သည့် စံသတ်မှတ်ချက်တစ်ခုကို ချမှတ် အကောင်အထည် ဖော်ရေးအတွက် တရုတ်နှင့် ဆွေးနွေးခဲ့သည် ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှား၏ နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ (Retno Marsudi)က ပြောကြားခဲ့သည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် တောင်တရုတ်ပင်လယ်၏ အငြင်းပွားနေသည့် ရေပြင်များတွင် ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ခြင်း မပြုရန်နှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်၊ လေယာဉ်မောင်းနှင်ခွင့်တို့အတွက် အာဆီယံ၏ တောင်းဆိုချက်များကို သံယောင်လိုက် ပြောဆိုခဲ့ကြသည်။

အမေရိကန်ဒုသမ္မတသည် တောင်တရုတ်ပင်လယ် အပါအဝင် စည်းမျဉ်းအခြေပြု နိုင်ငံတကာ အခင်းအကျင်းကို ထိန်းသိမ်းရာတွင် အမေရိကန်နှင့် အာဆီယံ၏ ဘုံအကျိုးစီးပွားများကို အလေးထား ပြောဆိုသွားမည်ဟု အိမ်ဖြူတော်က စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ