CNI International News
ကိယက်ဗ်၊ စက်တင်ဘာ ၇
ယူကရိန်းဘက်သို့ Mi-8 ရဟတ်ယာဉ်နှင့်အတူ ဘက်ပြောင်းခိုလှုံခဲ့သည့်် ရုရှားပိုင်းလော့ တစ်ဦးကို ယူကရိန်းအစိုးရ က ဒေါ်လာ ၅ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
မက်ဆင် ကုဇ်မီနော့ဗ် (Maxim Kuzminov) အမည်ရှိ ရုရှားပိုင်းလော့သည် ရုရှား၏ စစ်တပ်သုံး ရဟတ်ယာဉ်နှင့် အတူ ဘက်ပြောင်းခိုလှုံခဲ့သဖြင့် ဆုငွေချီးမြှင့်ခံမည် ဖြစ်သည်။
ကုဇ်မီနော့ဗ်ကို ယူကရိန်းငွေကြေးဖြစ်သည့် Hryvnia ဖြင့် ဆုငွေချီးမြှင့် သွားမည်ဖြစ်ပြီး အခြားရုရှား စစ်မှုထမ်း များကိုလည်း ကုဇ်မီနော့ဗ်ကဲ့သို့ ယူကရိန်းထံ ဘက်ပြောင်းခိုလှုံကြရန် ယူကရိန်းစစ်တပ် ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူ အန်ဒရီ ယူဆော့ဗ် (Andriy Yusov)က စက်တင်ဘာ ၅ ရက်တွင် နိုင်ငံပိုင်ရုပ်သံမှတဆင့် တိုက်တွန်းခဲ့သည်။
ယူကရိန်းစစ်တပ် ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူ အန်ဒရီ ယူဆော့ဗ်ကို တွေ့ရစဉ်
အသက် ၂၈ နှစ်အရွယ် ကုဇ်မီနော့ဗ်၏ ဘက်ပြောင်းခိုလှုံမှုသတင်းကို ယူကရိန်းမီဒီယာများတွင် အကျယ်တဝင့် ဖော်ပြခဲ့ကြသည်။
"စစ်ရာဇဝတ်ကောင်တွေ မဖြစ်ချင်တဲ့ ရုရှားနိုင်ငံသားတွေ အနေနဲ့ အခုလို လက်နက်ချပြီး ယူကရိန်းဘက်ကို ဘက်ပြောင်းခိုလှုံကြပါ။ သင်တို့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ကြပါ။ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)ရဲ့ အစိုးရကို ဆန့်ကျင်တိုက်ခိုက်ကြပါ"ဟု ယူဆော့ဖ်က ရုပ်သံမှတဆင့် ပြောကြားခဲ့သည်။
ယူကရိန်း ထောက်လှမ်းရေးအဖွဲ့သည် ကုဇ်မီနော့ဗ်ကို ဘက်ပြောင်းခိုလှုံစေရန် အထူးစစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ထိုအကြောင်းအရာကို သြဂုတ်လက လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။
ဆုငွေ ဒေါ်လာ ၅ သိန်း ချီးမြှင့်မည့် အကြောင်း ရေးသားထားစဉ်
ယူကရိန်း၏ အွန်လိုင်းသတင်း ဝက်ဘ်ဆိုက်ဖြစ်သည့် Ukrainska Pravda ၏ ဖော်ပြချက်အရ ထိုစစ်ဆင်ရေးကို စနစ်တကျ အချိန်ယူ လုပ်ဆောင်ခဲ့ရကြောင်းနှင့် ကုဇ်မီနော့ဗ်သည် ၎င်း၏ ရဟတ်ယာဉ်နှင့်အတူ ယူကရိန်း နယ် မြေအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ယူကရိန်းအထူးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေသည့် ခါကိဗ်ဒေသ၏ အရှေ့ပိုင်း တွင် ဆင်းသက်ခဲ့ကြောင်း သိရသည်။
ကုဇ်မီနော့ဗ်၏ ဘက်ပြောင်းခိုလှုံမည့် အစီအစဉ်ကို မသိဘဲ ထိုရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သည့် ရုရှား စစ်သားနှစ်ဦးသည် လက်နက်ချ အညံ့ခံရန် ငြင်းပယ်ခဲ့သဖြင့် ယူကရိန်းတပ်ဖွဲ့ဝင်များ၏ ပစ်သတ်ခြင်းကို ခံခဲ့ရ သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။
ကုဇ်မီနော့ဗ်၏ မိသားစုသည် အစောပိုင်းကတည်းက ရုရှားနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယူကရိန်းသို့ ရောက်ရှိခဲ့သည်ဟု ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။
Mi-8 ရဟတ်ယာဉ်သည် ယူကရိန်းတပ်ဖွဲ့များအတွက် တန်ဖိုးကြီးမားသည့် ပိုင်ဆိုင်ရရှိမှုဖြစ်ပြီး ထိုရဟတ်ယာဉ် ပေါ်တွင် ရုရှားတိုက် လေယာဉ်များအတွက် အပိုပစ္စည်းများလည်း တင်ဆောင်လာခဲ့ကြောင်း Ukrainska Pravda သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
Source: အယ်လ်ဂျာဇီးယား