CNI International News
လန်ဒန်၊ စက်တင်ဘာ ၇
ဗြိတိန်အစိုးရက ရုရှား၏ ကြေးစားစစ်သားငှားရမ်းသည့် ဝဂ်နာအုပ်စုကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး တားမြစ်ပိတ်ပင်သွားမည်ဟု ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဝဂ်နာအုပ်စု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခွင့်နှင့် ဝဂ်နာအုပ်စုကို အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းခွင့်ရှိသည့် အမိန့်စာ မူကြမ်းကို လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဝဂ်နာအုပ်စုသည် အကြမ်းဖက်ပြီး ပျက်စီးစေတတ်သည့် အုပ်စုဖြစ်သည်ဟု ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆူအယ်လာ ဘရေဗာမန် (Suella Braverman) က သုံးနှုန်းဖော်ပြခဲ့သည်။
ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆူအယ်လာ ဘရေဗာမန်ကို တွေ့ရစဉ်
ဝဂ်နာအုပ်စုသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ၏ ပြည်ပစစ်ဆင်ရေးများတွင် စစ်ရေး လက်ကိုင်တုတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ယူကရိန်း၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့တွင် ဝဂ်နာသည် လုယက်ခိုးယူမှုများ၊ ညှင်းပန်းနှိပ်စက်မှုနှင့် ရက်စက်စွာ သတ်ဖြတ်မှုများ၌ ပါဝင်ပတ်သက်ခဲ့၍ ထိုအဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
"သူတို့ဟာ အကြမ်းဖက် သမားတွေဆိုတာ ရှင်းနေပါတယ်။ ဒီလို တားမြစ်ပိတ်ပင်ချက် ထုတ်ပြန်မယ့် အစီအစဉ် ဟာ ဗြိတိန်ရဲ့ ဥပဒေကို ရှင်းလင်းပြတ်သားစွာ ဖော်ပြခြင်းဖြစ်ပါတယ်"ဟု ဘရေဗာမန်က ပြောသည်။
တားမြစ်မိန့်သည် စက်တင်ဘာ ၁၃ ရက်တွင် စတင် အကျုံးဝင် သက်ရောက်မည်ဖြစ်ပြီး ဗြိတိန်နိုင်ငံအတွင်း ဝဂ်နာအဖွဲ့နှင့် ပတ်သက်သူများ သို့မဟုတ် ဝဂ်နာအဖွဲ့ကို ထောက်ပံ့သူများသည် ပြစ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည်။
အတိုက်အခံ လေဘာပါတီ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဒေးဗစ် လမ်မီကို တွေ့ရစဉ်
အတိုက်အခံ လေဘာပါတီ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဒေးဗစ် လမ်မီ (David Lammy) ကမူ ဝဂ်နာအဖွဲ့ အား အကြမ်းဖက် စာရင်းသွင်းမှုသည် အချိန်နှောင်းနေကြောင်း ပြောကြားခဲ့သည်။
ဝဂ်နာ ကြေးစားစစ်သား အုပ်စုသည် ဆီးရီးယား၊ လစ်ဗျားနှင့် အနောက်အာဖရိက၊ မြောက်အာဖရိကရှိ နိုင်ငံအချို့ တွင် လှုပ်ရှားနေသည်။ ဝဂ်နာ အုပ်စုအတွင်း တပ်သားသစ် စုဆောင်းခံခဲ့ရသူများသည် ရုရှားအကျဉ်းထောင် အတွင်းမှ ရာဇဝတ်သားများ ထောင်နှင့်ချီ ပါဝင်ခဲ့သည်။
ဗြိတိန်သည် ၂၀၂၂ ခုနှစ်၊ မတ်လက ဝဂ်နာအဖွဲ့ တစ်ဖွဲ့လုံးကို ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လကလည်း ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ မာလီနှင့် ဆူဒန်နိုင်ငံတို့ရှိ ဝဂ်နာအဖွဲ့ဖြင့် ဆက်နွှယ်သည့် လူပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းများကို ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
Source: ရိုက်တာ