ဝါရှင်တန်၊ အောက်တိုဘာ ၈
၂၀၂၁ ခုနှစ် နှစ်ဦးပိုင်း ဇန်နဝါရီ ၆ ရက်က အမေရိကန်ကွန်ဂရက်အဆောက်အဦးထဲ အဓိကရုဏ်း ဖြစ်ပွားစေမှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ၎င်း၏အကြီးတန်းလက်ထောက်လေးဦးအနေဖြင့် လိုက်နာဖော်ထုတ် ပေးခြင်းမပြုရန် သမ္မတဟောင်းဒေါ်နယ်ထရမ့်က ပြောကြားထားပြီးဖြစ်ကြောင်း အမေရိကန်မီဒီယာများက အောက်တိုဘာ ၇ ရက်၌ သတင်းတွင်ဖော်ပြကြသည်။
ထရမ့်ထောက်ခံသူများကြောင့် ဖြစ်ပွားခဲ့သော အဓိကရုဏ်အကြောင်း လက်ရှိအမေရိကန်လွှတ်တော်မှ စုံစမ်း စစ်ဆေးရေးအဖွဲ့များနှင့် ထရမ့်၏လက်ထောက်များ ပူးပေါင်းအဖြေရှာခြင်းမပြုရန် ထရမ့်က တားဆီး ထားကြောင်း ပြည်တွင်းမီဒီယာများဖြစ်သည့် Politico နှင့် The Washington Post နှစ်ခုစလုံးက ရေးသား ဖော်ပြခဲ့ကြသည်။
ထရမ့်က တားဆီးထားသူများမှာ ၎င်း၏လက်ထောက်အကြံပေးဟောင်းများဖြစ်သော မာ့ခ်မေးဒိုး (Mark Meadows)၊ ကက်ရှပါတယ်(Kash Patel)၊ဒန်စကေဗီနို(Dan Scavino) နှင့် စတိဗ်ဘန်နွန် (Steve Bannon)တို့ ဖြစ်ကြောင်း ၎င်းမီဒီယာများက ဖွင့်ချထားကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ထရမ့်သည် ဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့ပြီး အမေရိကန်ကွန်ဂရက်တွင် ဇန်နဝါရီ ၆ ရက် ဘိုင်ဒန်၏အနိုင်မဲများ မဲရေတွက်နေစဉ် ထရမ့်ထောက်ခံသူများက ဝင်ရောက်၍ အဓိကရုဏ်း ဖြစ်ပွားစေ ခြင်းဖြင့် အနှောင့်အယှက်ပေးခဲ့သည့်ဖြစ်စဉ်၏ အသေးစိတ်အချက်အလက်များပါဝင်သော အစီရင်ခံစာ ထွက်ပေါ် လာခဲ့သည်။ ယင်းသို့ထွက်ပေါ်ပြီး မရှေးမနှောင်း နာရီပိုင်းအတွင်းမှာပင် အမေရိကန်ပြည်တွင်းမီဒီယာက ထရမ့် တားဆီးမှုအကြောင်း သတင်းဖော်ပြခဲ့ကြခြင်းဖြစ်သည်။
ထရမ့်၏လက်ထောက်ဟောင်း ၄ ဦးထံသို့ ထရမ့်ရှေ့နေများက စာတစ်စောင်စီဖြင့် စုစုပေါင်းလေးစောင် ပေးပို့ ခဲ့ကာ စောဒကတက်ခဲ့ကြကြောင်း၊ ထရမ့်၏ဆက်သွယ်မှုမှတ်တမ်းများနှင့်ပတ်သက်၍ အမှုဆောင်အရာရှိ အခွင့်အရေးနှင့် ရှေ့နေ-အမှုသည်အခွင့်အရေးတို့ သုံးကာ ယခုလွှတ်တော်စုံစမ်းရေးကော်မတီသို့ ထုတ်ဖော်ခြင်း အား အကာအကွယ်ပြုကြရန် အဆိုပါပေးစာ ၄ စောင်ထဲတွင် တိုက်တွန်းထားသည်။
ဇန်နဝါရီ ၆ ရက် အမေရိကန်ကွန်ဂရက်အဓိကရုဏ်အား စုံစမ်းရန် လွှတ်တော်ရွေးချယ်ရေးကော်မတီသည် ထရမ့်၏အိမ်ဖြူတော်နှင့် ပါဝင်ပတ်သက်ခဲ့သူ လက်ထောက်အကြံပေးဟောင်း ၄ ဦးနှင့် အဓိကရုဏ်းတွင် ပါဝင်ခဲ့သူများကို လွှတ်တော်၏အခွင့်အာဏာဖြင့် ခေါ်ယူစိစစ်ခဲ့သည်။
အခင်းဖြစ်ပွားစဉ်အချိန်ကာလက မာ့ခ်မေးဒိုးသည် အိမ်ဖြူတော်ဝန်ထမ်းအကြီးအကဲဖြစ်ပြီး ဒန်စကေဗီနိုသည် ထရမ့်အတွက် လူမှုကွန်ရက်များကို ကိုင်တွယ်ပေးရသူဖြစ်သည်။ စတိဗ်ဘန်နွန်က ရီပတ်ဘလစ်ကန် လှုပ်ရှားမှု များတွင် တက်ကြွစွာပါဝင်ခဲ့သော နိုင်ငံရေးမဟာဗျူဟာမှူးဟောင်းဖြစ်ပြီး ကက်ရှ်ပါတယ်မှာ အိမ်ဖြူတော်၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ထိုစဉ်က တာဝန်ထမ်းဆောင်နေရသည်။
၎င်းတို့ ၄ ဦးကို ယခုလွှတ်တော်ကော်မတီက ဇန်နဝါရီ ၆ ရက်ဖြစ်စဉ် စာရွက်စာတမ်းများ လွှဲပြောင်းအပ်နှံရန် အမိန့်ပေးခဲ့ပြီး နောက်သီတင်းပတ်ထဲတွင် စုံစမ်းစစ်ဆေးသူများနှင့် လူတွေ့မေးမြန်းရန် ဖြစ်ပေါ်လာခဲ့သည်။