၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈

ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပွားလာသော ပြည်တွင်း ပဋိပက္ခများ ဖြေရှင်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုက အဓိက ကျနေဆဲဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းက ဆုံးဖြတ်နိုင် သည်ဟု မိမိအနေဖြင့် မမြင်ကြောင်း၊ သို့သော် လက်ရှိဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများ ဖြေရှင်းရေးတွင် ဒေါ်အောင်ဆန်းစုကြည်က အရေးပါနေဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “လက်တွေ့ အခြေအနေကတော့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းက ဆုံးဖြတ်တာလို့တော့ မြန်မာနိုင်ငံရဲ့ အခြေအနေတစ်ခုလုံးကို ဆုံးဖြတ်တယ်လို့တော့ ကျနော်လည်း မမြင်ပါဘူး။ သို့သော် အခု နစက-က အာဏာထိန်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထု မကျေမနပ်ဖြစ်နေတဲ့ ကိစ္စကတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ ဆွေးနွေးမှသာလျှင် ပြေလည်မယ်လို့ ထင်တယ်။ NUG တို့၊ CRPH တို့နဲ့ ဆွေးနွေးတာက ကျနော်ထင်တယ် ရှေ့ရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လိမ့်မယ်လို့ မထင်ဘူး။ ဆိုလိုတာက လိုရင်းလည်း ရောက်မှာမဟုတ်ဘူး။ အဲတော့ သူတို့အာဆီယံက ဆုံးဖြတ်ထားတဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး ဖြေရှင်းကြပါဆိုတဲ့ ကိစ္စပေါ့နော်။ အာဆီယံတို့၊ နိုင်ငံ တကာတို့က ပြောနေတဲ့ဟာတွေရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းမှာ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲလို့ ကျနော် ကတော့ မြင်တယ်။ အခုဖြစ်နေတဲ့ ပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခဖြေရှင်းရေးမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမှုက အခရာကျနေဆဲလို့ ကျနော်က မြင်တယ်”ဟု CNI သတင်းဌာနသို့ ပြော သည်။

မြန်မာနိုင်ငံ၏ သမိုင်းအစဉ်အလာနှင့် ပြဿနာများကို ဖြေရှင်းခဲ့သော အခြေအနေများကို လေ့လာကြည့်မည်ဆိုပါက မြန်မာနိုင်ငံ၏ ပြဿနာများကို ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတစ်ယောက်တည်းကသာ ဖြေရှင်းနိုင်သည်ဟု ယုံကြည် ပါက မျက်ကန်းယုံကြည်မှုသာ ဖြစ်မည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပုံ-ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်နေကြစဉ်။(AFP)

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေက ဒီပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ ဒီအဖွဲ့အစည်း တစ်ယောက်တည်းနဲ့ ဖြေရှင်းလို့ ပြေလည်သွားတာမျိုး မရှိဘူး၊ အဲတော့ ဒီဟာတွေကို ဒီနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဟောင်း ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့ တွေ့ဆုံပြီးတော့ ဖြေရှင်းပေးဖို့ ဖြစ်နိုင်တယ်လို့ ယုံကြည်ရင် အဲဒီ ယုံကြည်မှုဟာ ကျနော်ပြောချင်တာ မျက်ကန်းယုံကြည်မှုလို့ ပြောချင်တာ။ ဒါတွေကို ကျနော်ပြောနေတာ အကြောင်းမဲ့ ပြောနေတာမဟုတ်ဘူး၊ မြန်မာနိုင်ငံရဲ့ သမိုင်းအစဉ် အဆက်ကိုကြည့်။ မြန်မာနိုင်ငံရဲ့ ဖြေရှင်းလာတဲ့ ကိစ္စတွေကိုကြည့်။ အကန့်အသတ်နဲ့ လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာ အကန့်အသတ်နဲ့ လုပ်တယ်ဆိုတာက နယ်ပယ်ကျဉ်းမြောင်းလွန်းပါတယ်။ အာဆီယံအစည်းအဝေးမှာ ကျနော်တို့သဘောတူညီချက် ၅ ရပ်ရှိခဲ့တယ်။အဲ ၅ ချက်က ကျယ်ကျယ် ပြန့်ပြန့်ပါပြီးဖြစ်တယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို တပ်မတော်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေးကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ အာဏာရယူလိုက်သည်။

ထို့နောက် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သလို တပ်မတော်ကို ပြန်လည်ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်ရန် ကြိုးပမ်းလာသည့်အတွက် ပြည်တွင်း ပဋိပက္ခမှာ ကြီးထွားလာခဲ့သည်။

ပုံ-၂၀၂၁ ခုနှစ်၊ဧပြီလက အာဆီယံအစည်းအဝေးကျင်းပနေစဉ်။

ဤအခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံက ကြားဝင် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလက ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ဖမ်းဆီးထားသူများ ပြန်လွတ်ပေးရန်၊ အကြမ်းဖက် ဖိနှိပ်မှုများ ရပ်တန့်ရန်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ကိုယ်စားလှယ် ခန့်အပ်ရေး သဘောတူရန်၊ သက်ဆိုင်ရာအဖွဲ့အစည်း များဖြင့် တွေ့ဆုံဆွေးနွေး ခွင့်ပြုရန် စသည့် အချက်များ အပါအဝင် အချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် သဘော တူညီမှု ရရှိခဲ့သည်။

ထို့နောက် အာဆီယံ ကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်နိုင်ရေး ဆွေးနွေးနေသလို အာဆီယံကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခွင့်ပေးရန် တောင်းဆိုထားမှုအပေါ် နစကဘက်က NLD အစိုးရလက်ထပ် ဒုသမ္မတ(၂)အဖြစ် တာဝန်ယူခဲ့သော ဦးဟင်နရီဗန်းထီးယူနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးတီခွန်မြတ် တို့ဖြင့်သာ တွေ့ဆုံ ခွင့်ပေးနိုင်ကြောင်း ပြန်လည် အကြောင်းပြန်ထားသည်။

လက်ရှိတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများကြား အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို ဖိတ်ကြား သင့်/မသင့် ဆွေးနွေးလျက်ရှိနေသလို မလေးရှားကဲ့သို့ နိုင်ငံများကတော့ သဘောတူညီချက်များအကောင်အထည်မဖော်ပါက မဖိတ်ကြားရန် ရပ်တည်လျက်ရှိ နေသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “ကျနော်ထင်တယ် အဲလိုအခြေအနေမျိုးလည်း ဖြစ်လာနိုင်တယ်။သူက ရှေ့မှာ ကုလသမဂ္ဂမှာလည်း အဲဒီလိုမျိုး နှစ်ဖက်စလုံးကို အသိအမှတ်မပြုတဲ့ သဘောမျိုး ဆုံးဖြတ်ထားတာရှိတာကိုး။ အရင် ဦးကျော်မိုးထွန်းကိုတော့ အရင်အတိုင်း ထက်ပြီးတော့ အစည်းအဝေး တက်ခွင့်ပေးတယ်၊ သို့သော် စကားပြောခွင့် ကိုယ်စားပြုခွင့် မပေးဘူး။ အခု အာဆီယံကလည်း အဲသလို လုပ်ကောင်းလုပ်လာနိုင်တာပေါ့နော်။ လုပ်လာနိုင်တယ် လုပ်လာတယ်ဆိုရင် ဒါက သူတို့ဆုံးဖြတ်ထားတဲ့ အချက် ၅ ချက်ကို လိုက်နာဖို့အတွက် မြန်မာပြည်က နစကအစိုးရ လိုက်နာဖို့အတွက် ဖိအားတစ်ခုတော့ ဖြစ်လာနိုင်တာပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေးပဋိပက္ခများ ကျယ်ပြန့်လာပြီး လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်ပွားလာသည့်အတွက် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် စသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများနေ ပြည်သူလူထု သိန်းချီ နေရပ်စွန့်ခွာ တိမ်းရှောင်းနေကြရသည်။