မော်စကို၊ အောက်တိုဘာ ၈
မော်စကိုမြို့တွင် အောက်တိုဘာ ၂၀ ရက်၌ ကျင်းပမည့် အာဖဂန်နစ္စတန်အရေး နိုင်ငံတကာဆွေးနွေးမှုညီလာခံသို့ တာလီဘန်ကိုယ်စားလှယ်များ တက်ရောက်ရန် ရုရှားအစိုးရဖိတ်ကြားထားကြောင်း အာဖဂန်ဆိုင်ရာ သမ္မတ ဗလာ ဒီမာပူတင်၏ အထူးကိုယ်စားလှယ်က ပြောကြားသည်ဟု အယ်ဂျာဇီးယားသတင်းဌာနက အောက်တိုဘာ ၇ ရက်၌ ရေးသားဖော်ပြသည်။
ပူတင်၏ အထူးကိုယ်စားလှယ် ဇာမီယာကာဘူးလော့ဗ်က အဆိုပါ ညီလာခံကျင်းပမည့်အစီအစဉ် အသေးစိတ်နှင့် ပတ်သက်၍ ရုရှားသတင်းဌာနများကို အောက်တိုဘာ ၇ ရက်၌ နောက်ထပ်သဘောထားမှတ်ချက်ပေးထားခြင်း မရှိပေ။
အောက်တိုဘာ ၁၂ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးအပြီးတွင် မော်စကို ညီလာခံကို ဆက်လက်ကျင်းပမည်ဖြစ်သည်။ အာဖဂန်နစ္စတန်တွင် အောက်တိုဘာ ၁၂ ရက် ကျင်းပမည့် G20 အစည်းအဝေး၏ရည်ရွယ်ချက်မှာ ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းက တာလီဘန်တို့အာဏာသိမ်းပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာ ဘေးဆိုးကပ်ဆိုးမှ ရှောင်ရှားနိုင်ရန်နှင့် ယင်းနိုင်ငံကို ကူညီရန်ဖြစ်သည်။
ပြီးခဲ့သည့်မတ်လကလည်း မော်စကိုသည် အာဖဂန်နစ္စတန်နိုင်ငံတွင် နိုင်ငံတကာညီလာခံတစ်ခုကို ဦးဆောင်ကျင်းပပေးခဲ့ရာ ရုရှား၊ အမေရိကန်၊ တရုတ်နှင့် ပါကစ္စတန်တို့အနေဖြင့် အာဖဂန်ငြိမ်းချမ်းရေးအပေါ် သဘောတူညီမှုရရှိရန်နှင့် အကြမ်းဖက်မှုထိန်းချုပ်ရန် ပူးတွဲကြေညာချက်တစ်စောင် ထွက်ပေါ်လာနိုင်ခဲ့သည်။
လာမည့်လများအတွင်း ထိုးစစ်များ မလုပ်ရန်လည်း တာလီဘန်များကို တိုက်တွန်းတောင်းဆိုထားသည်။
အမေရိကန်နှင့်၎င်း၏မဟာမိတ်နိုင်ငံများသည် အာဖဂန်အပေါ် နှစ်ပေါင်း ၂၀ ကြာ စစ်ရေးစွက်ဖက်မှုအပြီးတွင် တာလီဘန်တို့ လျှပ်တစ်ပြက် အာဏာသိမ်းနိုင်ခဲ့ပြီး ယခင်အစိုးရ ပြိုကျသွားခဲ့သည်။
အာဖဂန်အရေးကြောင့် ဒေသတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုကျဆင်းလာနိုင်ခြေရှိမှုများအပေါ် ရုရှားက စိုးရိမ် နေသည်။ “အလယ်အာရှဒေသတွင်းရှိ ယခင် ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်းနိုင်ငံများအတွင်းသို့ အစ္စလာမ္မစ် အစွန်းရောက် စိမ့်ဝင်နေမှုအလားအလာ”ကိုလည်း ပူတင်က သတိပေးခဲ့ပြီးဖြစ်သည်။
ထိုအခြေအနေများကြောင့် တာလီဘန်တို့ အာဖဂန် ပြန်သိမ်းပြီးသည်နှင့် ရုရှားသည် အာဖဂန်နှင့်ထိစပ်နေသော တာဂျစ်ကစ္စတန်နိုင်ငံအတွင်း စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ၎င်းနိုင်ငံရှိ စစ်အခြေစိုက်စခန်းများ၌ လက်နက်တပ်ဆင်မှုအင်အား ဖြည့်တင်းထားခဲ့သည်။
အောက်တိုဘာ ၇ ရက်က ဗလာဒီမာပူတင်သည် တာဂျစ်ကစ္စတန်သမ္မတ အီမိုလီမာရာမန်နှင့် တယ်လီဖုန်း ပြောခဲ့ပြီး အာဖဂန်၏ နောက်ဆုံးအခြေအနေဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ လုံခြုံရေးအနေအထား ဆွေးနွေးခဲ့ကြောင်း တာဂျစ်ကစ္စတန်သမ္မတရုံးက သတင်းထုတ်ပြန်သည်။