CNI NEWS
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၇
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တွင် ပူးပေါင်းပါဝင်မှုအား ရပ်ဆိုင်းကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU)၊ အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ-WLB)၊ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ(GSCN)တို့က ဆုံးဖြတ်ခဲ့ကြသည်။
ထို့နောက် CRPH နှင့် NUG မှ တာဝန်ရှိသူများက တွေ့ဆုံ ဆွေးနွေးလိုကြောင်း အကြောင်းကြားလာခြင်းကြောင့် KNU၊ WLB၊ GSCN တို့ ပူးတွဲ၍ တွေ့ဆုံဆွေးနွေးမည့် အခြေအနေများနှင့်ပတ်သက်ပြီး အောက်တိုဘာ ၅ ရက်နေ့စွဲဖြင့် CRPH နှင့် NUG ထံ ပေးပို့ အကြောင်းကြားသည့် စာထွက်ပေါ်လာခဲ့သည်။
အဆိုပါ စာထဲတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၄ ရက်နေ့တွင် ပြုလုပ်သော NUCC အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ KNU၊ WLB၊ GSCN တို့မှ NUCC တွင် ပူးပေါင်းပါဝင်မှုအား ရပ်ဆိုင်းလိုက်သည့် ကိစ္စရပ်နှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့နှင့် တွေ့ဆုံ ဆွေးနွေးပါရန် တိုက်တွန်း အကြောင်းကြား လာသည်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင် သိရှိရပါသည်ဟု ဖော်ပြထားသည်။
ပုံ-KNU WLB GSCN က ဆွေးနွေးရေး အကြောင်းပြန်သည့်စာကိုတွေ့ရစဉ်။
ထို့နောက် မိမိတို့ အဖွဲ့များ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ (၁) မိမိတို့ အဖွဲ့ကိုယ်စားလှယ်များမှ CRPH နှင့် NUG ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်၊ (၂) ထိုအစည်းအဝေး၌ CRPH နှင့် NUG တို့၏ ပုံမှန် အစည်းအဝေးတက်သည့် ကိုယ်စားလှယ် များ သာမကပဲ သက်ဆိုင်ရာတာဝန်ရှိ ခေါင်းဆောင်များ မပျက်မကွက် တက်ရောက်ပါရန် တောင်းဆို ပါသည်၊ (၃) ထိုတွေ့ဆုံ မှုကို NUCC အဖွဲ့ဝင်များအားလုံး ရှေ့မှောက်တွင် ကျင်းပရန် အဆိုပြုပါသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် NUCC အလုပ်အဖွဲ့အနေဖြင့် အထက်ပါ အစည်းအဝေး ဖြစ်မြောက်ရေးအတွက် အဆိုပြုသည့်အတိုင်း တွေ့ဆုံ နိုင်ရန် စီစဉ်ပေးရေးအတွက် ပန်ကြားအပ်ပါသည်ဟုလည်း ဆိုထားသည်။
မည်သည့် နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်ကိုတော့ သဘောတူညီချက် မရရှိသေးကြောင်း သိရသည်။
KNU၊ WLB၊ GSCN မှ ကိုယ်စားလှယ်များသည် NUCC သည် ဖက်ဒရယ်ချာတာအရ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်ကြောင်း ရေးဆွဲပြဌာန်းထားသည့်အတိုင်း ဖြစ်စေလိုပြီး NUG ဘက်က NUCC နှင့် CRPH အပြန်အလှန်ထိန်းကျောင်းကြမည်ဟု ပြင်ဆင်လိုသည့်အပေါ် သဘောထားကွဲလွဲခဲ့ကြ၍ ၎င်းတို့က ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းကြောင်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု နီးစပ်သူများထံမှ သိရသည်။
ထို့နောက် NUG နှင့် CRPH ကြား အစည်းအဝေးလုပ်၍ ယာယီ သမ္မတ ဒူးဝါလရှီးလနှင့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က ဖက်ဒရယ်ချာတာအတိုင်း သွားရန် ဆုံးဖြတ်ပေးလိုက်ပြီးနောက် တွေ့ဆုံ ဆွေးနွေးကြရန် အပြန်အလှန် ညှိနှိုင်းနေခြင်းဖြစ် ကြောင်း နီးစပ်သူများထံမှ သိရသည်။