CNI International News

မနီလာ၊ အောက်တိုဘာ ၇

ဖိလစ်ပိုင်အာဏာရှင်ဟောင်း ဖာဒီနန်မားကိုစ့်၏သားဖြစ်သူ ဂျူနီယာမားကို့စ်သည် လာမည့်နှစ် ရွေးကောက်ပွဲ၌ သမ္မတနေရာ ဝင်ပြိုင်ရန် ကြိုးပမ်းမှုကို လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် အောက်တိုဘာ ၆ ရက်က ဆန္ဒပြ လှုပ်ရှားခဲ့ကြကြောင်း စီအင်န်အင်န် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

သားဖြစ်သူ ဂျူနီယာမားကိုစ့်သည် ၎င်း၏ ဇနီးနှင့်သားနှစ်ဦးတို့ အတူလိုက်ပါလျက် ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် အမည်စာရင်း လာရောက်တင်သွင်းခဲ့ခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရေး အခင်းအကျင်းကို ထပ်မံတုန်လှုပ်သွားစေခဲ့ကြောင်း စီအင်န်အင်န်က သတင်းဆက်လက် ရေးသားသည်။

“မားကို့စ် မိသားစုဟာ ထောင်မကျဘဲ လွတ်မြောက်နေတုန်းပါ။ သူတို့ဆီ ရောက်နေတဲ့ တိုင်းပြည်ဘဏ္ဍာတွေလည်း ပြန်မရ ပါဘူး။ အခုတော့ သူတို့က အမြင့်ဆုံးရာထူးဆီကို တကျော့ပြန်လာနေပါပြီ” ဟု ဖိလစ်ပိုင်လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်သည့် ကရာပါတန်မှ ခရစ္စတီနာပါလာဘေးက ပြောကြားခဲ့သည်။

ပုံ- ဖိလစ်ဖိုင်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ဂျူနီယာမားကို့စ်အား တွေ့ရစဉ်။(CNN)

မားကို့စ် အာဏာရခဲ့စဉ်က ဒေါ်လာ ၁၀ ဘီလီယံခန့်အထိ တိုင်းပြည်ဘဏ္ဍာများ အဓမ္မလုယူခဲ့ကြောင်း ၁၉၈၇ ခုနှစ်က ခန့်မှန်း တွက်ချက်ခဲ့ရာ ၎င်းမိသားစုက အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ မေလတွင် ကျင်းပမည့် ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲအတွက် တတိယမြောက် ဝင်ပြိုင်မည့်သူ ဘောင်ဘောင်း ဟု လူသိများသော ဂျူနီယာမားကို့စ်သည် ကပ်ရောဂါနှင့် စီးပွားရေး ကျပ်တည်းနေသော နိုင်ငံ၏ အခက်အခဲများကို ကူညီ ဖြေရှင်းပေးမည်ဟု ကြွေးကြော်လျက် နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးအဖြစ် လှုပ်ရှားလာခဲ့သည်။

“ဆယ်စုနှစ်များစွာ အမုန်းတရား လှုံ့ဆော်မှုများနှင့် ဆန္ဒပြမှု ဗဟိုချက်တွင် ရှိနေခဲ့သော်လည်း ၎င်းမိသားစုအနေဖြင့် ထုတ် ဖော် ပြောဆိုခွင့်ကို အမြဲလေးစားပြီး ဆက်လက် လုပ် ဆောင်သွားမှာပါ” ဟု မားကို့စ်မိသားစု၏ ဝန်ထမ်းရေးရာအကြီးအကဲ ဗစ်တာရိုဒရီဂက်ဇ်က ကြေညာချက်တစ်စောင်တွင် ပြောကြားထားသည်။

ဂျူနီယာမားကို့စ်၏ဖခင် ဖာဒီနန်မားကို့စ်သည် ၁၉၈၆ ခုနှစ်တွင် လူထုအာဏာသိမ်းမှုကြောင့် ရာထူးမှ အဖယ်ရှားခံခဲ့ရပြီး ၃ နှစ်ကြာအောင် ဟာဝိုင်အီကျွန်း(အမေရိကန်)တွင် ပြည်ပြေးအဖြစ် နေထိုင်ခဲ့သည်။ ယင်းနောက် မားကို့စ်မိသားစုသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ဖိလစ်ပိုင်သို့ ပြန်လာပြီး ၎င်းတို့၏ဇာတိမြို့ အီလိုကော့နော်တီ မဲဆန္ဒနယ် ကိုယ်စားပြုသည့် အားကောင်းသော နိုင်ငံသမားများအဖြစ် လှုပ်ရှားလာခဲ့ကြသည်။