ဝါရှင်တန်၊အောက်တိုဘာ ၇
“အာဖဂန်သမ္မတဟောင်း အာရှရတ်ဖ်ဂါနီသည် တိုင်းပြည်မှ ထွက်ပြေးစဉ် ၎င်းနှင့်အတူ ဒေါ်လာသန်းပေါင်းများစွာ ယူဆောင်သွား ကြောင်း စွပ်စွဲချက်များကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း” အမေရိကန် အထူးစစ်ဆေးရေးအရာရှိချုပ် ဂျွန်ဆိုပကိုက အောက်တိုဘာ ၆ ရက်၌ ပြောကြားခဲ့သည်ဟု Channel News Asia ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။
သမ္မတဟောင်းဂါနီသည် သွေးထွက်သံယိုမှု ရှောင်ရှားရန် အကြောင်းပြ၍ ကဘူးလ်မြို့တော်မှ ထွက်ပြေးသွားခဲ့ပြီး ၎င်းနှင့် အတူ ငွေကြေး အမြောက်အမြား ယူဆောင်သွားခဲ့သည်ဆိုသည့် စွပ်စွဲချက်သတင်းများကို ၎င်းက ငြင်းဆန်ခဲ့သည်။
သို့သော် ထင်ကြေးပေးနေမှုများ ရှိနေဆဲဖြစ်ပြီး အမေရိကန် အထူးစစ်ဆေးရေးအရာရှိချုပ် ဂျွန်ဆိုပကို၏ အဖွဲ့ကို စစ်ဆေးမှု ဆုံးခန်းတိုင်အောင် ဆောင်ရွက်ရန် အမေရိကန်ကွန်ဂရက်က တာဝန်ပေးစေခိုင်းထားသည်။
“အဲဒီကိစ္စ သက်သေနဲ့အတူ ကျနော်တို့ မဖော်ထုတ်ရသေးပါဘူး။ စုံစမ်းနေတုန်းပါ။ တကယ်တမ်းတော့ ကြီးကြပ်ကွပ်ကဲရေးနဲ့ အာဖဂန်အစိုးရ ပြုပြင်ပြောင်းလဲရေးကော်မတီက ဒီကိစ္စ စစ်ဆေးဖို့ ကျနော်တို့ကို တောင်းဆိုထားပါတယ်” ဟု ဂျွန်ဆိုပကိုက အမေရိကန် အောက်လွှတ်တော် ဆပ်ကော်မတီသို့ ပြောကြားခဲ့သည်။
ဩဂုတ်လလယ်ပိုင်း ကဘူးလ်မြို့ဆင်ခြေဖုံးသို့ အစ္စလာမ္မစ် စစ်သွေးကြွများဖြစ်သည့် တာလီဘန်များ ဝင်ရောက် သိမ်းပိုက်ခဲ့မှု ကြောင့် သမ္မတဟောင်းဂါနီသည် ခါးခါးသီးသီး ဝေဖန်အပြစ်တင်ခံခဲ့ရသည်။
ပုံ-အာဖဂန်သမ္မတဟောင်း အာရှရတ်ဖ်ဂါနီကိုတွေ့ရစဉ်။ (Reuters)
တစ်ဆက်တည်းမှာပင် အာဖဂန်ပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန် အထူးစစ်ဆေးရေးအရာရှိချုပ် ဂျွန်ဆိုပကို၏ ရုံးသည်လည်း အာဖဂန်စစ်ပွဲ အနှစ် ၂၀ ကြာခဲ့သော်လည်း တာလီဘန်အာဏာသိမ်းမှုကြောင့် အရာမထင်ခဲ့ပေ။
အဂတိလိုက်စားမှုနှင့် စီမံခန့်ခွဲမှု အမှားများကြောင့် အမေရိကန်တို့၏ အာဖဂန်စီမံကိန်း ကျရှုံးခဲ့ရခြင်းသည် အံ့အားသင့်စရာ မဟုတ်ကြောင်း ကဘူးလ်ဖွံ့ဖြိုးရေးအကူအညီများ အနီးကပ်ကြီးကြပ်ခဲ့ရသည့် ဂျွန်ဆိုပကိုက အောက်လွှတ်တော် နိုင်ငံခြား ရေး ကော်မတီလက်အောက်ရှိ ဆပ်ကော်မတီတစ်ခုသို့ ပြောခဲ့သည်။
“အဂတိလိုက်စားမှုက ပျံ့နှံ့သွားခဲ့တာမှာ အာဖဂန်နစ္စတန်ရဲ့ လုံခြုံရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ကို နောက် ဆုံးတော့ ခြိမ်းခြောက်လာပါတယ်” ဟု ၎င်းက လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယခုကာလ ကွန်ဂရက်လွှတ်တော် ကြားနာမှုများသည် အမေရိကန်တို့ အာဖဂန်မှ ရှုပ်ထွေးစွာ ဆုတ်ခွာလာမှုနှင့် ရှေ့ဆက် သွားမည့်လမ်းကြောင်းကို စောင့်ကြည့် အကဲဖြတ်နေသော လွှတ်တော်လုပ်ငန်း တစ်ခုဖြစ်သည်။
“တခြားပဋိပက္ခဖြစ်ပွားနေတဲ့ ဇုန်တွေက သင်ခန်းစာတွေကို ကျနော်တို့ အသုံးချနိုင်တယ်” ဟု ဒီမိုကရက်တစ် ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် လွှတ်တော်အမတ်ဖြစ်သူ ဂျိုုအာကွင်ကက်စထရိုက ပြောကြားခဲ့သည်။
လတ်တလော အနေအထားတွင် အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများသည် အာဖဂန်သို့ ပေးအပ်နေကျ အကူအညီ အားလုံး နီးပါးကို ဖြတ်တောက်ထားဆဲဖြစ်သည်။