တိုင်ပေ အောက်တိုဘာ ၇

ပုံမှန်လွှတ်တော် အပြောင်းအလဲ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်သစ်ဆီးနိတ်လွှတ်တော်အမတ်များသည် ထိုင်ဝမ်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နှင့် အောက်တိုဘာ ၇ ရက်(ယနေ့) တွေ့ဆုံခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါ အမတ်များသည် သီးခြားအုပ်ချုပ်မှုရှိနေသော ထိုင်ဝမ်နှင့် တရုတ်တို့ အပြင်းအထန် တင်းမာနေသည့် အခိုက်အတန့် တွင် ထိုင်ဝမ်ကျွန်းပေါ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အေပီက ရေးသားထားသည်။

တွေ့ဆုံမှုမတိုင်မီ ထိုင်ဝမ်သမ္မတက အမှာစကားပြောကြားခဲ့ပြီး ထိုင်ဝမ်-ပြင်သစ်ဆက်ဆံရေးတွင် အရေးပါခဲ့သည့် ပြင်သစ် ကာကွယ်ရေးဝန်ကြီးဟောင်း (ယခုဆီးနိတ်အမတ်) အာလင်ရစ်ချတ်၏ ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုခဲ့သည်။

ထိုင်ဝမ်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများထံသို့ ပါဝင်နိုင်ရန် ထောက်ခံပေးရေး အတွက် ပြင်သစ်ဆီးနိတ်က ဦးဆောင်ကြိုးပမ်းပေးခဲ့၍ ကျေးဇူးတင်ရှိပါကြောင်း သမ္မတဆိုင်အင်းဝမ်က ပြောကြားခဲ့သည်။

ပုံ- ဩစတြေးလျဝန်ကြီးချုပ်ဟောင်း တိုနီအက်ဘော့ နဲ့ ထိုင်ဝမ်သမ္မတကိုတွေ့ရစဉ်(AP)

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်အဖြစ် မှတ်ယူထားပြီး WHO ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်း တိုင်းပြည်များ၊ နိုင်ငံခြား အစိုးရများနှင့် သီးခြားတွေ့ဆုံမှု အဆင့်အတန်းတို့ကို အစဉ်အမြဲဆန့်ကျင်နေခဲ့သည်။ ယခု ပြင်သစ် ဆီးနိတ်အမတ်များ၏ ထိုင်ဝမ် ခရီးစဉ်သည်လည်း ပြင်သစ်-တရုတ်ဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း ပါရီမြို့ရှိ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

ပြင်သစ်ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ယခုဆီးနိတ်အမတ်ဖြစ်သူ အာလင်ရစ်ချတ်သည် အခြားလွှတ်တော်အမတ် ၃ ဦး နှင့်အတူ ၎င်းတို့၏ ၅ ရက်တာ ထိုင်ဝမ်ခရီးစဉ်အတွင်း ထိုင်ဝမ်အစိုးရ၏ စီးပွားရေးနှင့် ကျန်းမာရေးဌာနများမှ အဆင့်မြင့် အရာရှိများ၊ တရုတ်ပြည်မကြီးရေးရာ ထိုင်ဝမ်ကောင်စီတို့နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။

ယခုခရီးစဉ်မှာ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ရစ်ချတ်အနေဖြင့် ထိုင်ဝမ်သို့ တတိယအကြိမ် လာရောက် လည်ပတ်ခြင်း ဖြစ်ပြီး ပြင်သစ်ဆီးနိတ်လွှတ်တော်ရှိ ချစ်ကြည်ရေးအဖွဲ့ကိုလည်း ၎င်းကပင် ဦးဆောင်ခဲ့သည်။ ပြင်သစ် လွှတ်တော် အမတ် များသည် သုံးနှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက်ခံရ၍ ပြင်သစ်-ထိုင်ဝမ် ချစ်ကြည်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် လွှတ်တော် အမတ်များအနေဖြင့် လာရောက်လေ့ရှိသည့် ခရီးစဉ်ဟုလည်း သိရသည်။

ထိုင်ဝမ်ကျွန်းပေါ်သို့ ရောက်ရှိလာခဲ့သော ဩစတြေးလျဝန်ကြီးချုပ်ဟောင်း တိုနီအက်ဘော့ (Tony Abbott) ကိုလည်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က လက်ခံတွေ့ဆုံခဲ့သည်။

၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်၌ ပြည်မကြီးနှင့် ထိုင်ဝမ်တို့ ကွဲသွားခဲ့ပြီးနောက် တရုတ်တို့က ထိုင်ဝမ်ကို ၎င်း ကွန်မြူနစ် ပါတီ၏ ထိန်းချုပ်အောက်သို့ ပြန်ရောက်စေရန် ရည်ရွယ်လျက် သီးခြားရပ်တည်နေသော ထိုင်ဝမ်အစိုးရ အားယုတ်လျော့စေဖို့ စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေး ဖိအားများစွာ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။