၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၇

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့များ အောက်တိုဘာ ၉ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ၍ ဆွေးနွေးကြမည်ဟု နိုင်ငံရေးပါတီများက ဆိုသည်။

အဆိုပါ တွေ့ဆုံမှုသည် ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည် ဖော်ဆောင်နိုင်ရေးနှင့် ရှေ့ဆက်နိုင်ကို အဓိက ဆွေးနွေးကြမည်ဟု သိရသည်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်းက “ဟုတ်ကဲ့၊ တခြားဘယ်ပါတီတွေရော ဖိတ်ထား လည်း ကျနော်မသိဘူး၊ ကျနော်တို့ ပါတီကိုတော့ ဖိတ်ထား ပါတယ်။ ကျနော်တက်ဖို့သတင်းပို့ထားပါတယ်။အဓိကတော့ ကျနော်ထင်ပါတယ်။ အခု ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ဒါပြန်လည်ပြီးတော့ ဆွေးနွေးပွဲတွေ စနိုင်ဖို့အတွက် NSPNC က လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ဒီအစည်းအဝေးကို ခေါ်တယ်လို့ပဲ ယူဆပါတယ်။ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီး ပြန်ရှင်သန်အောင်ပေါ့ အဲသဘောပဲသိရတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)သည် အောက်တိုဘာ ၉ ရက်နေ့ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက် မည်ဖြစ်သလို ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)ကလည်း တက်ရောက်မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌများက ပြောသည်။

SNDP ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက “ကျနော့်လူတက်မယ်။ ဒေါက်တာစိုင်းကျော်အုန်းတက်မယ်။သူက နေပြည်တော်မှာရှိ တော့လေ၊ အန်ကယ်ကတော့ သူ့ကိုယ်ပဲ ကိုယ်စားတက်ခိုင်းလိုက်တော့တယ်လေ။ ငြိမ်းချမ်းရေးပဲ ဖြစ်မှာပေါ့ ငြိမ်းချမ်းရေး ကိစ္စပဲ ဖြစ်မှာပေါ့။ NCA လမ်းကြောင်းအတိုင်းသွားမယ်ဆိုရင် အဓိက တိုင်းရင်းသားတွေလိုချင်တာ ဖက်ဒရယ် ပြည်ထောင် စု ပဲလေ။ ဖက်ဒရယ်သွားရမှာ ပစ်ခတ်မှုတွေ အားလုံးကို ရပ်စဲရမှာပေါ့။ လက်နက်ကိုင်ပဋိပက္ခတွေ မရှိစေရဘူး၊ တိုင်းပြည် ငြိမ်းချမ်း တည်ငြိမ် အေးချမ်းရေးကို ဦးစားပေးရမယ်။ အခုက တိုင်းပြည်က ဖောင်းဒိုင်းဖောင်းဒိုင်းတွေ သိပ်များနေတာကိုး” ဟု ပြောသည်။

NSPNC သည် ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ(ANP) အပါအဝင် တခြားသော နိုင်ငံရေးပါတီများကိုလည်း ဖိတ်ကြားထားသည်။

ပုံ- NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ KNU/KNLA-PC ကိုယ်စားလှယ်တို့ဆွေးနွေးနေကြစဉ်

ထို့နောက် ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်က အစည်းအဝေး တက်ရောက် ရန် ဖိတ်ကြားမှု အလွန်နီးကပ်ခြင်းကြောင့် ပါတီတွင်း ဆွေးနွေးဆုံးဖြတ်နိုင်ခြင်းမရှိသည့်အတွက် မတက် ရောက်တော့ဘူးဟု CNI သတင်းဌာနသို့ ပြောသည်။

စိုင်းဌေးအောင်က “ ဖိတ်တာတော့ ဖိတ်တယ်။ ကျနော်တို့ကို နောက်ကျမှ ဖိတ်တာပေါ့။ ကျနော်တို့ မတက်ဖြစ် ဘူး တိုင်ပင်တဲ့အခါကျတော့လေ။ သူတို့က ၂ ရက်နေ့ ဖိတ်တယ်လေ၊ ၄ ရက်နေ့ကျတော့ အကြောင်းပြန်ပေးပါ ဆိုတော့ ကျနော်တို့ ဆွေးနွေးတာ မပြီးပြတ်သေးတော့ ကျနော်တို့ သွားမတက်တော့ဘူး”ဟု ပြောသည်။

အလားတူ ရခိုင်အမျိုးသားပါတီ(ANP)ကလည်း မိမိတို့ အနေဖြင့် အောက်တိုဘာ ၉ ရက်နေ့ တွေ့ဆုံ ဆွေးနွေးပွဲ တက်ရေး/မတက်ရေးကို ပါတီတွင်း မဆုံးဖြတ်ရသေးကြောင်း ANP ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဦးထွန်းအောင်ကျော်က “ကျနော်တို့ပါတီက ဒီနေ့ ဒီအချိန်ထိကတော့ ကျနော်တို့ပါတီက တက်မယ့် အစီအစဉ် မရှိသေး ပါဘူးခင်ဗျာ။ အဓိကတော့ ကျနော်တို့မမေးရသေးပါဘူး၊ ဒါပေမယ့် ခန့်မှန်းရတာတော့ ငြိမ်းချမ်းရေးကိစ္စပဲ။ ဘာလို့လဲဆို တော့ ဗိုလ်ချုပ်ကြီးရာပြည့်က ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌလေ။ အဲတာကြောင့် ဖြစ်နိုင်ခြေက ငြိမ်းချမ်း ရေး ကိစ္စပဲ ထင်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရပ်တန့်နေပြီး သဘောတူညီထားမှုများ အကောင်အထည်ဖော်နိုင် ရေးမှာလည်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းများ ရပ်တန့်နေခြင်းကြောင့် အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေကြ သည်။

မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် နိုင်ငံရေးပါတီ အစုအဖွဲ့သည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)တွင် ပါဝင်လျက်ရှိသလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ အစည်းအဝေးများတွင်လည်း အစုအဖွဲ့တစ်ခုအနေဖြင့် ပါဝင်လျက်ရှိကြသည်။

ပုံ- တပ်မတော်က ဖော်ဆောင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အချက် ၃ ချက်

လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုး ပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားများတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါ တီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA လမ်းကြောင်းအတိုင်း ရပ်တည်ပြီး NCA-S EAO မှ ဆောင်ရွက်သွားမည်ဟု ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

ထို့နောက် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဟု ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အပစ်ရပ် ၁၀ ဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ပြီးနောက် ဧပြီလနှင့် မေလအတွင်းမှာ နစက-က ဖွဲ့စည်းထားသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် NSPNC နှင့် NMSP၊ DKBA၊ KNU/KNLA-PC၊ ALP စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။

လက်ရှိတွင် နစက-က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နံပါတ် (၁) သက်ဆိုင်ရာ တိုင်းရင်းသားများ၊ သက်ဆိုင်သူများ ကိုယ် တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနှင့် မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ နံပါတ်(၂) တပ်မတော် ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီနှင့် EAO များ တိုက်ရိုက်ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရေးအဖွဲ့ များ နှင့် ဆွေးနွေးခြင်း၊ နံပါတ်(၃) NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များ အား NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေး၊ နှစ်ဖက်သဘော တူညီ ချက်များ ရရှိရေးများ ဆောင်ရွက်ခြင်း စသည့် အချက် ၃ ချက်ဖြင့် ဆောင်ရွက်မည်ဟု စက်တင်ဘာ ၃၀ ရက်နေ့ သတင်း စာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားသည်။