ဘရပ်ဆဲလ်၊ အောက်တိုဘာ ၇
မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)သည် ရုရှားမှ စေလွှတ်ထားသည့် စစ်ရေးမဟာမိတ်မစ်ရှင် တာဝန်ထမ်းဆောင်နေသူ ၈ ဦးကို နှင်ထုတ်ခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
၎င်းတို့ ၈ ဦးသည် ထောက်လှမ်းရေးအရာရှိများအဖြစ် လျှို့ဝှက်လုပ်ကိုင်နေပြီး မော်စကိုဌာနချုပ်တွင် အလုပ်လုပ်ကိုင်နိုင်သည့် ပမာဏထက်ဝက်ခန့်မျှ စွမ်းဆောင်နိုင်သူများဖြစ် ကြောင်း အေပီက ဆက်လက် ရေးသားထားသည်။
ထောက်လှမ်းရေးအရာရှိများဟု မကြေညာထားဘဲ နေတိုးထဲသို့ စိမ့်ဝင်နေသည့် ရုရှားမစ်ရှင် ၈ ဦးအပေါ် အသိအမှတ်ပြုခြင်းကို ရုတ်သိမ်းလိုက်ကြောင်း နေတိုးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါသတင်းကို ပြောကြားသူ နေတိုးအရာရှိ၏အမည်ကိုတော့ အေပီက ဖော်ပြထားခြင်းမရှိပေ။
ထို့ပြင် နေတိုးအဖွဲ့သည် ရုရှား၌ အများအသိအမှတ်ပြုသော ရာထူးအရေအတွက်ကိုလည်း ၂၀ မှ ၁၀ သို့ လျှော့ချခဲ့ပြီး ယင်းဆုံးဖြတ်ချက်မှာ ယခုအောက်တိုဘာလကုန်တွင် အကျုံးဝင်မှု ရှိ/မရှိ ရှင်းရှင်းလင်းလင်း အသိပေးခြင်းမရှိသေးပေ။
၂၀၁၄ ခုနှစ်၌ ယူကရိန်းနိုင်ငံက ပိုင်ဆိုင်သည့် ခရိုင်းမီးယားကျွန်းဆွယ်ကို မော်စကိုက သိမ်းပိုက်လိုက်စဉ် ကတည်းက နေတိုးအဖွဲ့နှင့် ရုရှားအစိုးရတို့အကြား ဆက်ဆံရေးတင်းမာလာခဲ့သည်။ ၎င်းတို့အကြား ရုရှား၏ နျူကလီးယားဒုံးကျည်တည်ဆောက်မှု၊ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ဝေဟင်ပိုင်နက်များထဲသို့ တိုက်လေယာဉ် ကျူးကျော်ပျံသန်းမှုတို့ဖြင့် မကျေမလည်ဖြစ်နေခဲ့ကြသည်။ ၎င်းတို့ချင်း သီးခြား တရားဝင်တွေ့ဆုံ ဆွေးနွေးမှု များမှာလည်း အကန့်အသတ်ဖြင့် ရှိနေခဲ့သည်။
“ရုရှားအပေါ်ထားရှိတဲ့ နေတိုးရဲ့မူဝါဒဟာ တသမတ်တည်းရှိနေပါတယ်။ ရုရှားရဲ့ရန်လိုတဲ့လုပ်ရပ်တွေကို တုံ့ပြန်ရာမှာ ကျနော်တို့က အဟန့်အတားနဲ့အကာအကွယ်ကောင်းအောင် လုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အနှစ်သာရပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း ကျနော်တို့ လမ်းဖွင့်ထားပြီးသားပါ” ဟု အမည်မဖော်လိုသူ နေတိုးအရာရှိတစ်ဦးက အေပီသို့ ဆက်လက်ပြောကြားခဲ့သည်။
နေတိုးနှင့်ရုရှားတို့ တွေ့ဆုံဆွေးနွေးရေးဖြစ်သည့် နေတိုး-ရုရှားကောင်စီဖိုရမ်မှာ လတ်တလော ရပ်တန့် နေဆဲဖြစ်သည်။
“ပြီးခဲ့တဲ့ ၁၈ လကတည်းက နေတိုး-ရုရှားကောင်စီအစည်းအဝေး ထပ်ခေါ်ဖို့ နေတိုးက အဆိုပြုခဲ့ပေမယ့်လည်း အဆိုပြုချက်က အထမမြောက်ခဲ့ပါဘူး” ဟု အဆိုပါနေတိုးအရာရှိက ဖြည့်စွက်ပြောကြားခဲ့သည်။